အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကား မေလ ၆ရက်တွင် စတင် ရုံတင်မည်

အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကား မေလ ၆ရက်တွင် စတင် ရုံတင်မည်

ရန်ကုန် ၊ ဧပြီ ၂၆ ။           ။ ရွှေစင်ဦး ရုပ်ရှင် ၊ ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ် ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူး ထားသည့် အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကားကြီး ကို မေ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသ သွားမည် ဖြစ်သည်။

အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကားကို ဇာတ်လမ်း မောင်ရွှေစွန် ၊ ဇာတ်ညွှန်း ဆဲဗင်းဒေး ဖြစ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးကာ သရုပ်ဆောင်များ အဖြစ် နေတိုး ၊ နေမင်း ၊ ထွန်းထွန်း ၊ သက်မွန်မြင့် ၊ စိုးမြတ်သူဇာ နှင့် သရုပ်ဆောင် များစွာမှ ပါဝင် ထားကြသည်။

ဇာတ်ကားသည် မိဘတွေကြောင့် သားသမီးများ လမ်းမှား ရောက်ရပုံ ၊ လူငယ်တွေကြား ဖြစ်တတ်သည့် သဘာ၀ နှင့် မိဘ များ၏ သားသမီးပေါ် ထားသည့် မေတ္တာတရား အကြောင်းတွေကို ဒါရိုက်တာ မှ ရိုက်ကူး ပုံဖော် ပေးထားခြင်း ဖြစ်သည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က " မိဘ နှင့် သားသမီး ကြား နားလည်မှု လွဲခဲ့လျှင် မိဘ က သားသမီး ထိန်းချုပ်သည့် လမ်းကြောင်း လွဲသွားလျှင် သားသမီးသည် လမ်းကြောင်း လွဲသွားနိုင်ကြောင်း မိဘ မှ အချစ် လွန်ပြီး ထိန်းချုပ်မှု များသွားလျှင် လည်း လမ်းကြောင်းလွဲသွားနိုင်ပုံများကို ပုံဖော် ရိုက်ကူး ထားခြင်း ဖြစ်ပါတယ်" ဟု ပြောသည်။

ဇာတ်ကားတွင် ရွှေအုတ် အဖြစ် အကယ်ဒမီ နေတိုး ၊ ဖိုးသိကြား အဖြစ် ထွန်းထွန်း ၊ မြက်ရိုင်း အဖြစ် နေမင်း ၊ ပေါက်ပေါက် အဖြစ် သက်မွန်မြင့် ၊ မမကြီး အဖြစ် စိုးမြတ်သူဇာ ၊ မမကြီး ငယ်ဘ၀ အဖြစ် စန္ဒီမြင့်လွင် တို့မှ သရုပ်ဆောင် ထားကြသည်။

သရုပ်ဆောင် နေမင်း က " ကျွန်တော် ကိုယ်တိုင်လဲ ဒီကားမှာ တော်တော် ကြိုးစားခဲ့ရတယ်။ သူငယ်ချင်း တွေရဲ့ အကူအညီ နဲ့ ကြိုးစားပြီး ရိုက်ကူး ခဲ့တယ်။  ဒီကားကို ပရိသတ်တွေ ကြည့်စေချင်ပါတယ်။ လူကြီး နဲ့ လူငယ်တွေ ကြားမှ ရှိနေတဲ့ အလွဲအမှားလေး တစ်ခုကို အမြင်စောင်းနေတာလေးကို အမှန်တရား တစ်ခု ဖြစ်စေချင်တယ်" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly