ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားသို့ ဆိုက်ရောက်

ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး အင်ဒိုနီးရှားသို့ ဆိုက်ရောက်

အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါးသည် နိုဝင်ဘာ ၁၄ ရက်က အင်ဒိုနီးရှား၏ အနောက်ဘက်စွန်း ပြည်နယ်သို့ ရောက်ရှိလာကြောင်း ဒေသတာဝန်ရှိသူတဦးက ပြောသည်။

ယင်းသည် လများအတွင်း ဖိစီးနှိပ်စက်ခံ လူနည်းစု၏ အစုအဖွဲ့တခု အင်ဒိုနီးရှားသို့ ဆိုက်ရောက်လာခြင်းလည်း ဖြစ်သည်။

မွတ်စလင် ရိုဟင်ဂျာ အစုအဖွဲ့ဝင် ထောင်နှင့်ချီသည် နှစ်စဉ်နှစ်တိုင်း မလေးရှား သို့မဟုတ် အင်ဒိုနီးရှားသို့ ရောက်ရှိစေရန် ကြိုးပမ်းရင်း မကြာခဏဆိုသလို ခနော်နီခနော်နဲ့ လှေများဖြင့် ရှည်လျားပြီး စရိတ်စကများသော ပင်လယ်ပြင်ခရီးများကို အသက်စွန့်ထွက်ခွာကြသည်။

ယခု လူ ၁၉၆ ဦးပါသည့် ရိုဟင်ဂျာအစုအဖွဲ့သည် အာချေးပြည်နယ်၏ Pidie ဒေသ ကမ်းခြေသို့ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသရေတပ်တပ်မှူး အန်ဒီ ဆူဆန်တိုက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

ယခု လောလောလတ်လတ် ရောက်လာသူများအနက် တချို့သည် ချက်ချင်းဆိုသလို ကုန်းတွင်းပိုင်းသို့ ထွက်ပြေးသွားကြောင်း ငါးဖမ်းလုပ်ငန်း အစုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မာဖီယန်က ပြောသည်။

“ဆယ်ယောက်လောက်က အနီးအနား တောင်ကုန်းတွေပေါ် တက်ပြေးကြတယ်။ ကြည့်ရတာတော့ ဒီလူတွေက ဒုက္ခသည်တွေကို ဒီဧရိယာတွေဆီ တမင် ခေါ်လာပေးတဲ့ ပွဲစားတွေ ဖြစ်ပုံရတယ်” ဟု ၎င်းက ပြောသည်။

ထွက်ပြေးသူ ခုနစ်ဦးခန့် ရှိသည်ဟု ဒေသအစိုးရက ပြောသည်။

ဒုက္ခသည်များကို ဒေသအာဏာပိုင်များနှင့် ဒေသခံများက အကူအညီများပေးထားသည်။

“ဒေသခံတွေက သူတို့အတွက် စားစရာနဲ့ သောက်ရေတို့ ပေးထားတယ်။ ဒါကတော့ အားကိုးရာမဲ့ ရိုဟင်ဂျာတွေကို ကူညီပေးတဲ့ သူတို့ရဲ့ အကျင့်ပါပဲ” ဟု မာဖီယန်က ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း ရိုဟင်ဂျာ ၂,၀၀၀ ကျော်သည် အရှေ့တောင်အာရှ နိုင်ငံများသို့ ရောက်ရှိစေရန် အန္တရာယ်များသော ပင်လယ်ပြင်ခရီးစဉ်ကို ကြိုးပမ်းထွက်ခွာခဲ့ကြသည်ဟု ယုံကြည်ရကြောင်း ကုလ ဒုက္ခသည်အေဂျင်စီအရ သိရသည်။

ယမန်နှစ်က အလွန်အန္တရာယ်များသော ပင်လယ်ပြင်ခရီးကို ဖြတ်သန်းရင်း ရိုဟင်ဂျာ ၂၀၀ နီးပါး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း အေဂျင်စီက ခန့်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly