ဂါဇာရှိ ‘ရက်စက် ယုတ်မာမှုများ’ အဆုံးသတ်စေရေး ကူညီလုပ်ဆောင်ရန် အင်ဒိုနီးရှားက အမေရိကန်ကို တိုက်တွန်း

ဂါဇာရှိ ‘ရက်စက် ယုတ်မာမှုများ’ အဆုံးသတ်စေရေး ကူညီလုပ်ဆောင်ရန် အင်ဒိုနီးရှားက အမေရိကန်ကို တိုက်တွန်း
Photo - AFP

ဂါဇာ၌ ‘ရက်စက် ယုတ်မာသည့် လုပ်ရပ်များ’ အဆုံးသတ်စေရေးနှင့် အပစ်အခတ်ရပ်စဲမှု ဖြစ်ပေါ်ရေးအတွက် ပိုမို ကူညီလုပ်ဆောင်ပေးရန် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက နိုဝင်ဘာ ၁၃ ရက် အိမ်ဖြူတော် ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တိုက်တွန်းပြောဆိုသည်။

အင်ဒိုနီးရှားနှင့် အမေရိကန်အကြား ဆက်ဆံရေး အဆင့်မြှင့်တင်မှုကို ပြသရန် သဘောရှိသည့် ဆွေးနွေးမှုများအပေါ် အစ္စရေး-ဟားမတ်စ် စစ်ပွဲက လွှမ်းမိုးထားခဲ့သည်။ ထိုတွေ့ဆုံမှုအပြီး ယခုသီတင်းပတ်ထဲတွင်လည်း ဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံရန် ရှိနေသည်။

“ဂါဇာမှာ ရက်စက် ယုတ်မာမှုတွေကို ရပ်တန့်စေဖို့အတွက် ယခုထက် ပိုပြီး လုပ်ဆောင်ဖို့ အင်ဒိုနီးရှားအနေနဲ့ အမေရိကန်ကို တိုက်တွန်းပန်ကြားပါတယ်” ဟု ကမ္ဘာ့ မွတ်စလင်ဦးရေအများဆုံးနိုင်ငံ၏ ခေါင်းဆောင် ဝီဒိုဒိုက ပြောသည်။

“လူသားတွေအတွက် အပစ်အခတ်ရပ်စဲမှုက မဖြစ်မနေ လိုအပ်တယ်”

အစ္စရေးအပေါ် ပြစ်တင်ရှုတ်ချပြီး အပစ်ရပ်စဲရေး တောင်းဆိုသည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ရီယက်ဒ်တွင် ပြုလုပ်ခဲ့သော အာရပ်နှင့် မွတ်စလင် ခေါင်းဆောင်များ ပူးတွဲညီလာခံတခုမှ ‘အလွန် ခိုင်မာသည့် သတင်းစကား’ တခုကို မိမိအနေဖြင့် ဘိုင်ဒင်ထံ ယူဆောင်သွားမည်ဟု အင်ဒိုနီးရှားသမ္မတက ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က ပြောသည်။

ထို့ပြင် ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်ထံမှ အထူးသတင်းစကားတခုကိုလည်း မိမိအနေဖြင့် ဘိုင်ဒင်ထံ တဆင့်စကားပါးသွားမည် ဖြစ်ကြောင်း ဝီဒိုဒိုက ပြောခဲ့သေးသည်။

သို့သော် ဘိုင်ဒင်သည် အင်ဒိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို အမြင့်ဆုံးလယ်ဗယ်သို့ မြှင့်တင်မည့် အစီအစဉ်များအပေါ်တွင် ဆက်လက်အာရုံစိုက်ခဲ့သည်။

တရုတ်က ကိုယ့်ကိုယ်ကို ယုံကြည်လွန်းကြောင်း တိုးမြင့်ပြသလာချိန် အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသတွင် မဟာမိတ်များ ထူထောင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly