လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရကို တိုက်တွန်း

လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းရေး ထိုင်းအစိုးရကို တိုက်တွန်း
Photo - AFP

ထိုင်းနိုင်ငံအနေဖြင့် တနှစ်တာ အထွတ်အထိပ် လေထုညစ်ညမ်းမှု ကာလကို ရင်ဆိုင်ရရန် ရှိနေစဉ် “သန့်ရှင်းသော လေ အက်ဥပဒေ” တရပ်ကို အဆောတလျင် အတည်ပြုရေး ထိုင်းအစိုးရကို လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး လှုပ်ရှားသူများက နိုဝင်ဘာ ၁၃ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။

တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်များ အစုအဖွဲ့တခုဖြစ်သည့် ထိုင်း သန့်ရှင်းသော လေ ကွန်ရက် (CAN) သည် အဆိုပြုထားသည့် ဥပဒေတရပ်ကို အစိုးရထံ တင်သွင်းခဲ့သလို အများပြည်သူအပေါ် ထိခိုက်စေသည့် ဝေဒနာတို့ကို ပြေလျော့စေရန် အလျင်အမြန် အရေးတယူ လုပ်ဆောင် ရေး ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်ကို တိုက်တွန်းထားသည့် အိတ်ဖွင့်ပေးစာတစောင်ကိုလည်း တင်ပြခဲ့သည်။

နိုင်ငံတွင် လူပေါင်း နှစ်သန်းကျော်သည် လေထုညစ်ညမ်းမှုနှင့် ဆက်နွယ်သည့် ပြဿနာများအတွက် ဆေးကုသမှု ခံယူရန် ကြိုးပမ်းထားခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

သက်ဆိုင်သည့် အစိုးရအေဂျင်စီများသည် ယခုပြဿနာကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခြင်း မရှိဟု CAN က ဆရတ်သာထံ ပေးစာထဲတွင် သတိပေးပြောဆိုထားပြီး ဝန်ကြီးဌာနများအကြား ချိတ်ဆက်လုပ်ဆောင်မှု မရှိခြင်းအပေါ် ထောက်ပြသည်။

“အပြည့်အဝ ပူးပေါင်းလုပ်ဆောင်တဲ့ ပုံစံနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ စီမံခန့်ခွဲမှုစနစ်တွေ နေရာတကျ ရှိမနေဘူး။ ဆိုတော့ အစိုးရအေဂျင်စီတွေဟာ ဂျာအေး သူ့အမေရိုက်သလိုမျိုး ဆိုသလိုပဲ ဆက်ဖြစ်နေတယ်။ ပြဿနာရဲ့ ဂယက်ရိုက်မှုတွေအပေါ်မှာပဲ ဖြေရှင်းဖို့ပဲ စိတ်ရောက်နေတယ်” ဟု စာထဲတွင် ပြောသည်။

မူကြမ်းရေးထားသည့် သန့်ရှင်းသော လေ ဥပဒေမူကြမ်းကို ယခုလတွင် အစိုးရအဖွဲ့ထံ တင်ပြဖွယ် ရှိသော်လည်း ဆရတ်သာ၏ အတည်ပြုထောက်ခံမှု မရှိပါက အဆိုပြုချက်တိုင်းက ဥပဒေဖြစ်လာမည့် အလားအလာ နည်းပါးမည် ဖြစ်ကြောင်း CAN က သတိပေးသည်။

စက်မှုလုပ်ငန်းများမှ မီးခိုးငွေ့ထုတ်လွှတ်မှုများ၊ ကားအိတ်ဇော အခိုးအငွေ့များအပြင် တောင်သူများ ရိုးပြတ် မီးရှို့ခြင်းမှ ထွက်သည့် မီးခိုးများကြောင့် ထိုင်းတွင် နှစ်စဉ် လေထုအရည်အသွေး ကျဆင်းမှုကို ဖြစ်ပေါ်စေသည်။

အဆိုးဆုံးသော လေထုညစ်ညမ်းမှု ကာလက ပုံမှန်အားဖြင့် ဒီဇင်ဘာမှ ဖေဖေါ်ဝါရီအထိ ဖြစ်ပြီး ယင်းက အထွတ်အထိပ် ခရီးသွားရာသီနှင့် တိုက်ဆိုင်နေသည်။ သို့သော် ပြီးခဲ့သည့်လက ဘန်ကောက်တွင် မျှော်လင့်မထားဘဲ လေထုညစ်ညမ်းမှု ဆိုးဝါးမှုကြောင့် တာဝန်ရှိသူများထံမှ အရေးတယူ လုပ်ဆောင်မည်ဆိုသည့် အလျင်စလို ကတိကဝတ်ပြုမှုများကို ထွက်ပေါ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly