အကျဉ်းချခံ ဖိလစ်ပိုင်လူ့အခွင့်အရေး လှုပ်ရှားသူကို တရားရုံးက အာမခံဖြင့်လွှတ်

အကျဉ်းချခံ ဖိလစ်ပိုင်လူ့အခွင့်အရေး လှုပ်ရှားသူကို တရားရုံးက အာမခံဖြင့်လွှတ်

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ သွေးထွက်သံယိုများသော “မူးယစ်စစ်ပွဲ” အပေါ် အပြင်းအထန် ဝေဖန်သူဖြစ်သည့် အကျဉ်းကျခံ ဆိနိတ်တာဟောင်း လေလာ ဒီ လီမာကို တရားရုံးတခုက နိုဝင်ဘာ ၁၃ ရက်တွင် အာမခံဖြင့်လွှတ်ရန် ညွှန်ကြားလိုက်ကြောင်း သူမ၏ ရှေ့နေဖြစ်သူက ပြောသည်။ ယင်းအတွက်ကြောင့် ခြောက်နှစ်ကျော်ကြာ အကျဉ်းကျပြီးနောက် သူမ အမှုမှ လုံးလုံးလျားလျား လွတ်မြောက်မှုကို မြင်ရနိုင်သည်ဟု သိရသည်။

ဖိလစ်ပိုင် အကျဉ်းထောင်တခုအတွင်း တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှုကို ထောက်ကူပံ့ပိုးရန် လျှို့ဝှက်ပူးပေါင်းကြံစည်သည်ဟု တရားရေးဝန်ကြီးဟောင်းတဦးလည်း ဖြစ်သည့် လေလာ ဒီ လီမာကို စွပ်စွဲထားသည့် မူးယစ်ဆေးဝါး အမှုတခုအတွက် အာမခံ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့ သူ ပြန်လွတ်မယ်လို့ မှန်းထားတယ်” ဟု အမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဖီလီဘွန်း တာကာဒွန်က ရိုက်တာကို ဖုန်းဖြင့် ပြောသည်။

ဒီ လီမာ၏ ရှေ့နေအဖွဲ့သည် အာမခံ လျှောက်ထားမှုတရပ်အပေါ် တရားရုံး၏ ပယ်ချမှုကို ပြန်လည်သုံးသပ်စဉ်းစားရေး ဇွန်လက တင်ပြလျှောက်ထားခဲ့သည်။

မိမိအပေါ် စွဲတင်ထားသည့် စွဲချက်အားလုံးက အခြေအမြစ်မရှိပဲ နိုင်ငံရေး အရ အရင်းခံသည်ဟု ဒီ လီမာက အခိုင်အမာ ပြောထားသည်။

ဖိလစ်ပိုင်တွင် မူးယစ်ဆေး သုံးစွဲသူနှင့် အရောင်းအဝယ်လုပ်သူ ထောင်နှင့်ချီ ရဲများ၏ သတ်ဖြတ်ခြင်းကြောင့် သို့မဟုတ် ပဟေဋ္ဌိဆန်သည့် အခြေအနေများဖြင့် သေဆုံးပြီးနောက် ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး ဖြိုခွင်းမှုအပေါ် ဆိနိတ်လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုတရပ် စတင်ရေး ဒီ လီမာက လုပ်ဆောင်ခဲ့သည့် လများအတွင်း သူမသည် စွဲချက်များဖြင့် စွဲဆိုခံရကာ အကျဉ်းချခံခဲ့ရခြင်းဖြစ်သည်။

သူမသည် အကျဉ်းထောင်များအတွင်းရှိ မူးယစ်ဆေးဝါး ဂိုဏ်းများနှင့် ပေါင်းကြံစည်ခဲ့သည်ဟု ၂၀၂၂ တွင် သက်တမ်းကုန်ဆုံးခဲ့သော ဒူတာတေးက စွပ်စွဲသလို အများပြည်သူ မိန့်ခွန်းများတွင်လည်း သူမကို အရှက်ရစေအောင် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly