အယ်လ်ဘေးနီးယားမှာ ပွဲအတွင်း ဂါနာဘောလုံးသမား ဒွမ်မာနာ သေဆုံး

အယ်လ်ဘေးနီးယားမှာ ပွဲအတွင်း ဂါနာဘောလုံးသမား ဒွမ်မာနာ သေဆုံး

ဂါနာတိုက်စစ်မှူးဟောင်း ရာဖေးလ် ဒွမ်မာနာဟာ အက်နီရှားနဲ့ ပါတီဇာနီအသင်းတို့ရဲ့ အယ်လ်ဘေးနီးယားလိဂ်ပွဲစဉ်အတွင်း နှလုံးရောဂါခံစားရပြီးနောက် စနေနေ့က သေဆုံးခဲ့ကြောင်း အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ကွင်းထဲမှာ ဆေးဝန်ထမ်းတွေက သူ့ကို ဆေးရုံကို အမြန်ပို့ခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံမှာ သူဟာ အသက် ၂၈ နှစ်မှာ သေဆုံးခဲ့တယ်”လို့ အဖွဲ့ချုပ်က ပြောပါတယ်။

ဒွမ်မာနာဟာ ဂါနာလက်ရွေးစင်အသင်းအတွက် ရှစ်ပွဲကစားပေးခဲ့ပြီး တချိန်က နိုင်ငံ့တက်သစ်စကြယ်ပွင့်တွေထဲမှ တဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာ နှလုံးနဲ့ပတ်သက်လို့ ပြဿနာများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

တိုက်စစ်ကစားသမားဟာ ဒီကျန်းမာရေးပြဿနာတွေကြောင့် ၂၀၁၇ မှာ ဘရိုက်တန်သို့ မပြောင်းရွှေ့နိုင်ဘဲ နောက်ဆုံးမှာ သူဟာ စပိန်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

လေးနှစ်အကြာမှာ ဂါနာကစားသမားဟာ သူ့ရဲ့ကလပ် Blau-Weiss Linz နဲ့ Hartberg တို့ရဲ့ သြစတြီးယားမှာ ဖလားပြိုင်ပွဲတခုအတွင်း ပြိုလဲကျခဲ့ပေမယ့်လည်း ပြန်လည်ကောင်းမွန်လာပြီး သူ့ရဲ့ကစားသမားဘဝကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

အခုလိုမလဲကျခင် ဒွမ်မာနာဟာ ၂၀၂၀ မှာ နှလုံးခွဲစိတ်မှုကို ခံယူခဲ့ပြီး သူ့ကို ဘောလုံးကစားခွင့်ရဖို့ ရည်ရွယ်ထားတဲ့ အလိုအလျောက်နှလုံးနိုးစက်ကို အစားထိုးထည့်သွင်းထားခဲ့ပါတယ်။

ဒီခွဲစိတ်မှုအပြီး ၂၀၂၃ ဇန်နဝါရီလမှာ အယ်လ်ဘေးနီးယား ကလပ် အက်နီရှားကို မပြောင်းခင်မှာအသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဒိန်းမတ်၊ သြစတြီးယားနဲ့ ဆွစ်ဇာလန်လိဂ်တွေမှာ ကစားခဲ့ပါတယ်။

ဒွမ်မာနာဟာ ဒီရာသီ အယ်လ်ဘေးနီးယားလိဂ်မှာ ကိုးဂိုးသွင်းပြီး လက်ရှိဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။

ဆွဇ်ဇာလန်ကလပ် ဇူးရစ်အသင်းဟာ သူ့တို့ရဲ့ဝဘ်ဆိုက်တွင် ဒွမ်မာနာရဲ့ အဖြူအမည်းဓာတ်ပုံကို တင်ခဲ့ပြီး သူတို့ရဲ့ကစားသမားဟောင်းကို အရိုအသေပေးကာ "အေးချမ်းစွာအနားယူပါ ရာဖေးလ် ဒွမ်မာနာ၊ မင်းဟာ အမြဲတမ်း ငါတို့ထဲက တစ်ယောက်ဖြစ်မှာပါ!"

ဒွမ်မာနာကို အမှတ်ရစေဖို့ အယ်လ်ဘေးနီးယားအဖွဲ့ချုပ်ဟာ လိဂ်ပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းဖို့ စနေနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

အယ်လ်ဘေးနီးယားဘောလုံးလေ့လာသုံးသပ်သူ အင်ဒီ တူဖာက ဒွမ်မာနာနဲ့ ပတ်သက်ပြီး "သူဟာ ဘောလုံးအတွက် အသက်ရှင်ခဲ့တယ်"လို့ ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly