တိုက်ပွဲ ပြင်းထန်နေချိန် ဂါဇာဆေးရုံမှ ကလေးများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရန် အသင့်ရှိဟု အစ္စရေး ပြော

တိုက်ပွဲ ပြင်းထန်နေချိန် ဂါဇာဆေးရုံမှ ကလေးများကို ဘေးကင်းရာ ရွှေ့ပြောင်းပေးရန် အသင့်ရှိဟု အစ္စရေး ပြော

ဂါဇာ၏ အကြီးဆုံး ဆေးရုံမှ မွေးကင်းစအရွယ် ကလေးများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် အသင့်ရှိသည်ဟု အစ္စရေးစစ်တပ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြောသည်။ ဧရိယာတွင် တိုက်ပွဲများ ပြင်းထန်နေစဉ် လောင်စာဆီ ပြတ်လပ်ပြီးနောက် မွေးကင်းစ ကလေးနှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် ကလေးငယ်များလည်း အသက်ဘေးအန္တရာယ်ရှိနေကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက ပြောသည်။

လူသားချင်းစာနာမှု အခြေအနေ ပိုမိုဆိုးဝါးလာစဉ် အီဂျစ်သို့ ဝင်သည့် ရာဖာ နယ်စပ် ဖြတ်ကျော်နေရာကို နိုဝင်ဘာ ၁၂ ရက်တွင် နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်သူများအတွက် ပြန်ဖွင့်ပေးမည်ဟု ဂါဇာ၏ နယ်စပ်အာဏာပိုင်များက ပြောသည်။ ထိုဖြတ်ကျော်နေရာကို နိုဝင်ဘာ ၁၀ ရက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၄၈ နာရီအတွင်း မော်တော်ယာဉ် ၂၅ စီးကျော် အပါအဝင် ဂါဇာရှိ အစ္စရေး စစ်ရေးပစ်မှတ် ၁၆၀ ကျော်ကို လုံးလုံးလျားလျား သို့မဟုတ် တစိတ်တပိုင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ဟားမတ်စ်တို့က ပြောသည်။

တချိန်တည်းမှာပင် ဟားမတ်စ်တို့သည် ဂါဇာမြောက်ပိုင်းကို ထိန်းချုပ်မှု လက်လွှတ်ထားရပြီဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

ဂါဇာတွင် နောက်ထပ် အစ္စရေးစစ်သား ငါးဦး သေဆုံးကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။ ဂါဇာတွင် မြေပြင် စစ်ဆင်ရေးများ စတင်ပြီးနောက်ပိုင်း စစ်သား ၄၆ ဦး ကျဆုံးကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာဆေးရုံမှ ကလေးများကို ဘေးကင်းရာသို့ ကူညီ ပြောင်းရွှေ့ပေးမည် ဖြစ်ကြောင်း အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီက ပြောသည်။

“မနက်ဖြန်ကျရင် ကလေးအထူးဌာနကနေ ကလေးတွေကို ဘေးကင်းတဲ့ ဆေးရုံတခုကို ကူညီ ပြောင်းရွှေ့ပေးဖို့ ရှီဖာ ဆေးရုံက ဝန်ထမ်းတွေက အကူအညီ တောင်းထားတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားပါမယ်” ဟု ၎င်းက ပြောသည်။

ဂါဇာမြောက်ပိုင်းရှိ ဆေးရုံများ၌ ခိုလှုံနေကြသော ဆရာဝန်များ၊ လူနာများနှင့် ဘေးလွတ်ရာ ရွှေ့ပြောင်းသူ ထောင်နှင့်ချီတို့အနေဖြင့် ယင်းနေရာများမှ ထွက်ခွာရလိမ့်မည် ဖြစ်ကြောင်းနှင့် သို့မှသာ ဟားမတ်စ် တို့ကို ကိုင်တွယ်ရှင်လင်းနိုင်မည် ဖြစ်ကြောင်း၊ ဟားမတ်စ်တို့သည် ဆေးရုံများနှင့် ဝန်းကျင်တွင် ကွပ်ကဲမှုစင်တာများ ထားရှိကြောင်း အစ္စရေးက ပြောသည်။

ဆေးရုံများကို ယင်းကဲ့သို့ အသုံးပြုခြင်းမရှိဟု ဟားမတ်စ်တို့က ငြင်းဆန်သည်။ လူနာများကို နေရာရွှေ့ပြောင်းပါက အသက်သေဆုံးနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ အမှုထမ်းများက ပြောသလို အစ္စရေး၏ ပစ်ခတ်မှုများက အခြားသူများ ထွက်ခွာရန် အန္တရာယ်ရှိစေသည်ဟု ပါလက်စတိုင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly