ဘန်ကောက်က ကွန်ဒို မီးလောင်မှု၌ လူ ၁ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ 

ဘန်ကောက်က ကွန်ဒို မီးလောင်မှု၌ လူ ၁ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ 
Photo - Bangkok Post

ဘန်ကောက်ရှိ ရတ်ချက်သီဝီအရပ်က ကွန်ဒိုမီနီယမ်တွင် စနေနေ့ နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ရာ အသက်ကြီးပိုင်း အမျိုးသမီးတဦး အသက်ရှုမွန်းကျပ်မှုကြောင့် သေဆုံးပြီး အခြားသူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရသည်။ 

ပတ်ချာဘူရီလမ်းမပေါ်ရီ ၂၇ ထပ်အမြင့် ကွန်ဒိုတွင် မီးလောင်မှု ဖြစ်ကြောင်း ရဲထံ နံနက် ၁၂ ဒသမ ၃၅ မိနစ်က သတင်းဝင်ခြင်း ဖြစ်သည်ဟု ဖာယာထိုင်းရဲစခန်းမှ လက်ထောက် ထောက်လှမ်းရေး အကြီးအကဲ ရဲမှူး ဆီရီပေါင် ဖန်မာနိက ပြောသည်။ 

မီးလောင်ရာသို့ မီးသတ်ကား ၃၀ ကျော် ဖြန့်ကြက်ခဲ့ပြီး ကွန်ဒို၏ အထပ် ၂၀ နှင့် ၂၁ ထပ်တို့တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်။ နေထိုင်သူ တော်တော်များများကို ဘေးကင်းရေးအတွက် ရွှေ့ပြောင်းပေးခဲ့ကြပြီး အချို့မှ အဆောက်အအုံ ခေါင်မိုးပေါ်သို့ တက်ပြေးခြင်းများ ရှိသည်။ မီးက မိနစ် ၃၀ ခန့် လောင်ကျွမ်းပြီးနောက် ထိန်းချုပ်နိုင်ခဲ့သည်။ 

နေထိုင်သူ ၂၀ ကျော်ထက်မနည်းမှာ အသက်ရှုမွန်းကြပ်ခြင်းများ ခံစားရပြီး ဆေးဝါးစောင့်ရှောက်မှု ခံယူကြသည်။ သို့ရာတွင် အသက် ၇၀ ရှိ အမျိုးသမီးကြီးတဦးမှာ သတိလစ်ပြီး ဆေးရုံသို့ ပို့ဆောင်ချိန်၌ သေဆုံးခဲ့သည်။ 

မီးမှာ သစ်သီးဝလံ ရောင်းသော အသက် ၇၄ နှစ်ရှိသူ ကစ်တီဆိုသူ ပိုင်ဆိုင်သော အခန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရဲစုံစမ်းမှုအရ သိရပြီး ၎င်း၏ နာမည်အပြည့်အစုံကို ထုတ်ဖော်ခြင်း မရှိပေ။ ထိုသူသည် ကုန်ပစ္စည်းထားသိုရန်အတွက် ထိုအခန်းကို အသုံးပြုကာ သရက်သီးများ အမှည့်မြန်စေရန် သစ်သီးဖျန်း ဓာတ်ငွေ့များ အသုံးပြုလေ့ ရှိသည်။ မီးလောင်ချိန်၌ ထိုသူသည် ကားပါကင် အဆောက်အအုံ ရှစ်လွှာတွင် ရပ်ထားသော ၎င်း၏ ပစ်ကပ်ထရပ်ကားပေါ်၌ အိပ်နေခဲ့ခြင်း ဖြစ်သည်။ 

၎င်း၏ အခန်းသည် ယခင်ကလည်း မီးလန့်ဖူးသည်။ ယခုတချိန်မှာ လေအေးပေးစက်မှ လျှပ်စစ်ပတ်လမ်း ချို့ယွင်းမှုကြောင့် လောင်ကျွမ်းခြင်း ဖြစ်နိုင်သည်ဟု ရဲက ပြောသည်။ 

မီးလောင်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရေး ရဲတပ်ဖွဲ့အား ကူညီရန် မှုခင်းဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများလည်း စုံစမ်းစစ်ဆေးနေကြကြောင်း ဖာယာထိုင်း ရဲစခန်းမှူး ချာယွတ်ပေါင်ဆတ်က ဆိုသည်။ အဆိုပါ သစ်သီးဝလံ ရောင်းသူအား စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly