ရှမ်းမြောက်တိုက်ပွဲများအပေါ် ကုလ စိုးရိမ်ပူပန်

ရှမ်းမြောက်တိုက်ပွဲများအပေါ် ကုလ စိုးရိမ်ပူပန်
Photo - AFP

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၆ ရက်တွင် ပြောဆိုသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် အရပ်သား သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ပြီး လူ ၃၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးထားရသည်။

“မြန်မာနိုင်ငံ မြောက်ပိုင်းမှာ၊ အထူးသဖြင့် ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပေါ် မိမိတို့ စိုးရိမ်ပူပန်မိပါတယ်။ အရပ်သား သေဆုံး၊ ဒဏ်ရာရမှုတွေ ဖြစ်ပေါ်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူသောင်းချီ လောလောလတ်လတ် နေရပ်စွန့်ခွာထွက်ပြေးကြရတယ် ဆိုတဲ့ သတင်းတွေ ရှိနေတယ်” ဟု ကုလ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က ပြောသည်။

“အောက်တိုဘာ ၂၆ ရက်နောက်ပိုင်း အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ လူ ၃၃,၀၀၀ နီးပါး နေရပ်စွန့်ခွာထားရတယ်လို့ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာမှု လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်” ဟု ၎င်းက ပြောသည်။

အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်သည်ဟု ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထပ်လောင်း ပြောဆိုကြောင်းနှင့် လူသားချင်းစာနာမှု အကူအညီများကို အဟန့်အတားမရှိ ဝင်ခွင့်ရစေရေး တောင်းဆိုကြောင်း ၎င်းက ပြောသည်။

တရုတ်နယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်က တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အားလုံးကို ထိန်းချုပ်ထားနိုင်ပြီ ဆိုသည့် ပြောဆိုချက်များက ဝါဒဖြန့်မှုဖြစ်သည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်စခန်း အများအပြားနှင့် မြို့လေးမြို့ကို သိမ်းပိုက်ထားကြောင်းနှင့် တရုတ်သို့ ဦးတည်ရာ အရေးပါသည် ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က နိုဝင်ဘာ ၄ ရက်က ပြောသည်။

စစ်ကောင်စီကို တိုက်ခိုက်ခြင်းက နိုင်ငံတွင် “အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု” ကို ဖြုတ်ချရန်နှင့် စစ်ကောင်စီက အကာအကွယ်ပေးထားသည်ဆိုသော တယ်လီကွန်း ရိုက်စားလုပ်ငန်းများ လုပ်ကိုင်သည့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့က ပူးတွဲကြေညာချက်တရပ်တွင် ပြောကြောင်း ရိုက်တာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly