ထိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာကြေးများကို နိုဝင်ဘာ ၁၁ ရက်မှစ၍ လျှော့ချပေးမည်

ထိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာကြေးများကို နိုဝင်ဘာ ၁၁ ရက်မှစ၍ လျှော့ချပေးမည်

ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဗီဇာလျှောက်ထားခနှင့် သက်တမ်းတိုးခများကို နိုဝင်ဘာ ၁၁ ရက်မှစပြီး ဘတ် ၅၀၀ သို့ လျှော့ချပေးမည် ဖြစ်ကြောင်း အလုပ်အကိုင်ဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဆွန်ချိုင်း မိုရာကော့စရီဝမ်က ပြောသည်။

ဗီဇကြေး အပြောင်းအလဲများနှင့်ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တရပ်ကို အောက်တိုဘာ ၂၇ ရက်က တော်ဝင်ဂေဇက်တွင် ဖော်ပြခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှစ၍ အသက်ဝင်ကာ လေးနှစ် အကျုံးဝင်မည် ဖြစ်ကြောင်း မစ္စတာ ဆွန်ချိုင်းက ပြောသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့နှင့်အကြား အလုပ်သမား ခန့်အပ်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတရပ်အောက်တွင် အလုပ်သမားရေးရာ ဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာကန် အဆိုပြုသည့် အောက်တိုဘာ ၃ ရက် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်တရပ်နောက်ပိုင်း ယခု အပြောင်းအလဲများ ဖြစ်ပေါ်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်မှစပြီး ဗီဇာလျှောက်ခများကို ဘတ် ၂,၀၀၀ မှ ဘတ် ၅၀၀ သို့ လျှော့ချမည် ဖြစ်ပြီး နှစ်နှစ်အတွက် တရားဝင်မည်ဖြစ်ကာ သက်တမ်းတိုးခကိုလည်း ဘတ် ၁,၉၀၀ မှ ဘတ် ၅၀၀ ကို လျှော့ချပေးမည်ဖြစ်ပြီး တကြိမ်သက်တမ်းတိုးခြင်းက နှစ်နှစ် သက်တမ်းရှိမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဗီဇာကြေးများ လျှော့ချပေးခြင်းက အလုပ်သမားများ ကုန်ကျစရိတ်များ လျှော့ချနိုင်စေရန်နှင့် စီးပွားရေးကို ကူညီပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ကြောင်း မစ္စတာ ဆွန်ချိုင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly