အပစ်ရပ်စဲရေး တောင်းဆိုမှုများ ရှိလင့်ကစား အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုများ အရှိန်မြှင့်

အပစ်ရပ်စဲရေး တောင်းဆိုမှုများ ရှိလင့်ကစား အစ္စရေးက ဂါဇာကို တိုက်ခိုက်မှုများ အရှိန်မြှင့်
Photo - AFP

ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများ၏ အပစ်ရပ်စဲရေး တောင်းဆိုမှုများကို လျစ်လျူရှုလျက်ဖြင့် အစ္စရေးသည် နိုဝင်ဘာ ၆ ရက်တွင် ဂါဇာကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ပြီး အစ္စရေးစစ်သားများက ပိတ်ဆို့ဝိုင်းရံခံနယ်မြေ၌ ဟားမတ်စ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့သည်။ လနှင့်ချီ ကြာလာသည့် ပဋိပက္ခတွင် အရပ်သား သေဆုံးမှုများ တဟုန်ထိုး မြင့်တက်နေမှုအပေါ် ကုလ အေဂျင်စီများက ဝေဖန်ပြစ်တင်လျက် ရှိသည်။

လူနေထူထပ်သော ဂါဇာဒေသ၌ တအိမ်တက် တအိမ်ဆင်း တိုက်ခိုက်မှုများ၌ အစ္စရေးတပ်ဖွဲ့များနှင့် ဟားမတ်စ် တိုက်ခိုက်ရေးသမားများအကြား တိုက်ခိုက်လျက် ရှိပြီး ထို တိုက်ပွဲများကြောင့် လူပေါင်း ၁ ဒသမ ၅ သန်းခန့်သည် အကာအကွယ်နေရာ ရှာဖွေရန် နယ်မြေ၏ တခြားသော ဒေသများသို့ ထွက်ပြေးခဲ့ကြရသည်။

“ဟားမတ်စ်တွေ မြေပေါ်မှာပဲဖြစ်ဖြစ်၊ မြေအောက်မှာပဲ ဖြစ်ဖြစ်၊ သူတို့ဘယ်နေရာမှာပဲရှိရှိ၊ သူတို့ကို ကျွန်တော်တို့ တိုက်ခိုက်သွားပါမယ်” ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် ကွန်ရီကက်စ်က နိုဝင်ဘာ ၆ ရက် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။ တဆက်တည်းမှာပင် ဟားမတ်စ် ထိန်းချုပ်သည့် ဂါဇာကမ်းမြှောင်၏ မြောက်ပိုင်းရှိ မြို့ပေါ် စစ်ဇုန်မှ အရပ်သားများ ထွက်ခွာကြရေး ထပ်လောင်း တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

“ဂါဇာကမ်းမြှောင် တခုလုံးကနေ ဟားမတ်စ်တွေကို ဖယ်ရှားရှင်းလင်းဖို့ ဖြစ်တဲ့ မိမိတို့ရဲ့ အဆုံးစွန် ရည်မှန်းချက် မအောင်မမြင်မချင်း အမာခံနေရာ တခုပြီးတခု၊ တပ်ရင်း တခုပြီးတခုအလိုက် ဟားမတ်စ်တွေကို ဖြိုဖျက်ချေမှုန်းဖို့ မိမိတို့မှာ လုပ်နိုင်စွမ်း ရှိပါလိမ့်မယ်”

တိုက်ခိုက်ရေးသမားများကို ပုန်းအောင်းစေရန်၊ တိုက်ခိုက်မှုများ စီစဉ်ရန်နှင့် လက်နက်ခဲယမ်းများ သိုလှောင်ရန် ဟားမတ်စ်များသည် ဂါဇာရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဝတ်ပြုရာနေရာများအောက်တွင် ဥမင်လိုဏ်များ တည်ဆောက်ထားကြောင်း ကွန်ရီကက်စ်က ထပ်မံ စွပ်စွဲသည်။ ထိုပြောဆိုချက်ကို ဟားမတ်စ်တို့က ထပ်တလဲလဲ ငြင်းဆန်ထားသည်။

“ဒီ တိုက်ခိုက်မှုဟာ ငလျင်တခုလိုပါပဲ” ဟု ဂါဇာမြို့ခံတဦးဖြစ်သည့် အယ်လာ အဘူ ဟက်စီရာက အဆောက်အအုံများ ပြိုပျက်နေသည့် အကြီးအကျယ်ထိခိုက်ပျက်စီးထားသော ဧရိယာတခုမှ ပြောသည်။

နိုင်ငံသမိုင်းတွင် အဆိုးဆုံးသော တိုက်ခိုက်ခံရမှု ဖြစ်ပြီးနောက် အစ္စရေးသည် ဂါဇာကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုတွင် ဟားမတ်စ်တို့ကြောင့် လူ ၁,၄၀၀ ကျော် သေဆုံးပြီး လူ ၂၄၀ ကျော် ဓားစာခံ ဖမ်းဆီးခံခဲ့ရကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောသည်။

ယင်းနောက် အစ္စရေး၏ လက်တုံ့ပြန်မှုနှင့်အတူ စစ်ပွဲစတင်ပြီးနောက် အစ္စရေး၏ တိုက်ခိုက်မှုများနှင့် အရှိန်မြင့်လာသည့် မြေပြင်တိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေး အများအပြား အပါအဝင် လူ ၉,၇၇၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဟားမတ်စ် ကွပ်ကဲသည့် ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly