မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်မှုရှိရေး ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ် တိုက်တွန်း

မြန်မာ-တရုတ် နယ်စပ် တည်ငြိမ်မှုရှိရေး ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ် တိုက်တွန်း

မြန်မာစစ်ကောင်စီအနေဖြင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်မှုကို ထိန်းသိမ်းရန် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု တရုတ်တာဝန်ရှိသူတဦးက နိုဝင်ဘာ ၆ ရက်တွင် တိုက်တွန်း ပြောဆိုကြောင်း ရိုက်တာသတင်းတပုဒ်တွင် ဖော်ပြသည်။ နှစ်နိုင်ငံနယ်စပ်အနီး မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခဲ့သည်။

ရှမ်းမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် နယ်စပ်အနီး ဥပဒေ၊ အမိန့်ညွှန်ကြားချက်များ ပြန်လည်စိုးမိုးရေး ကြိုးပမ်းလျက် ရှိကြောင်း အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့် သီတင်းပတ်က ပြောသည်။

“တရုတ်-မြန်မာနယ်စပ်တလျောက် တည်ငြိမ်မှု ရှိရေး ထိန်းသိမ်းဖို့၊ တရုတ်နယ်စပ် ဒေသခံတွေရဲ့ အသက်တွေနဲ့ ပိုင်ဆိုင်ပစ္စည်းဥစ္စာတွေ ဘေးကင်းစေအောင် အလေးအနက် လုပ်ဆောင်ဖို့၊ တရုတ်အမှုထမ်းတွေရဲ့ လုံခြုံရေး အားကောင်းစေအောင် ထိရောက်တဲ့ အစီအမံတွေ လုပ်ဆောင်ဖို့အတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို တိုက်တွန်းပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး လက်တလောတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူထံမှ မှတ်ချက်ရရှိခြင်း မရှိသေးပေ။

နိုဝင်ဘာ ၄ ရက်က မြန်မာစစ်ကောင်စီတပ်ဖွဲ့ ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန်က ပစ်မှတ်ကို ကျော်လွန်ပြီး နယ်စပ်၏ တရုတ်ဘက်ခြမ်းသို့ ကျရောက်ထိမှန်ခဲ့သည့်အတွက် တရုတ်နိုင်ငံသားတဦး သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရကြောင်း Asia Times သတင်းဆိုဒ်က ဖော်ပြသည်။

မြန်မာအနေဖြင့် တည်ငြိမ်မှုရရှိရေး ပြန်လည်ထိန်းသိမ်းလိမ့်မည်ဟု တရုတ်ဘက်က မျှော်လင့်ကြောင်းနှင့် အမြင်မတူသဘောကွဲမှုများကို သင့်တင့်ကျနစွာ ကိုင်တွယ်ရန်နှင့် ညှိနှိုင်းဆွေးနွေးခြင်းမှတဆင့် အမြန်ဆုံး ပြေလည်မှု ရရှိရန် သက်ဆိုင်သူအားလုံးကို တရုတ်ဘက်က ထောက်ခံအားပေးကြောင်း Nong က ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

တချိန်တည်းမှာပင် မြန်မာရှိ တိုက်ပွဲများကြောင့် ပိတ်မိနေသည့် နိုင်ငံသား ၁၆၂ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ထိုင်းအစိုးရက ကြိုးပမ်းလျက် ရှိသည်။

မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီလက နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရတရပ်ကို စစ်တပ်က ဖြုတ်ချ၊ အာဏာသိမ်းပြီးကတည်းက နိုင်ငံသည် ဖရိုဖရဲ အခြေအနေအောက် ကျရောက်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly