နီပေါ ငလျင်ကြောင့် သေဆုံးသူ ၁၅၇ ဦးထက်မနည်း ရှိလာ

နီပေါ ငလျင်ကြောင့် သေဆုံးသူ ၁၅၇ ဦးထက်မနည်း ရှိလာ
Photo - AFP

နီပေါနိုင်ငံ၏ အစွန်အဖျားကျသော ဒေသတခုတွင် အားပြင်းငလျင်တခု လှုပ်ခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၁၅၇ ဦးထက်မနည်း ရှိနေကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၄ ရက်တွင် ပြောသည်။ ကယ်ဆယ်ရေး ဆောင်ရွက်မှုများကို ကူညီရန် လုံခြုံရေးတပ်ဖွဲ့များက ငလျင်ဒဏ်သင့်ဒေသသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

နိုဝင်ဘာ ၃ ရက် ညပိုင်းက ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ ငလျင်ကြောင့် နိုင်ငံ၏ တသီးတသန့် ရှိနေသော အနောက်ပိုင်း ခရိုင်များရှိ လူအစုအဖွဲ့များ၌ ရွှံ့ဖြင့် ဆောက်ထားသည့် အိမ်များကို ပြိုကျစေပြီး မိသားစုများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။

“အသံကျယ်ကြီးတခု ထွက်လာပြီး အိမ်တွေ ပြိုကျကုန်တယ်။ ကြီးမားတဲ့ ပေါက်ကွဲမှုတခုလိုမျိုး ခံစားရတယ်” ဟု ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရသည့် ခရိုင်တခုဖြစ်သည့် ဂျဂျာကော့ရှိ ပျက်စီးသွား‌သော နေအိမ်အပြင်ဘက်မှ အသက် ၆၅ နှစ်ရှိ ရှီဗာ ပရာဆက် ရှာမားက အေအက်ဖ်ပီကို ပြောသည်။

“ကျွန်တော်တို့ဆို သေပြီလို့ကို ထင်တာ။ လူတိုင်း ဘာမှကို မကျန်တော့ဘူး။ နေစရာဆိုလို့ ဘာအိမ်မှာ မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

ငလျင်ကြောင့် ပြိုသွားသောအိမ်များနှင့် အဆောက်အအုံ အပျက်အစီးများအောက်မှ အသက်ရှင်ကျန်သူများကို ရှာဖွေရန် ဒေသခံများက ညတွင်းချင်း အပျက်အစီးအစုအပုံများကို ဖယ်ရှားတူးဖော်ခဲ့ကြသည်။

ငလျင်ကို ဗဟိုချက်မှ ၅၀၀ ကီလိုမီတာ (၃၁၀ မိုင်) နီးပါးအကွာရှိ အိန္ဒိယ၏မြို့တော် နယူးဒေလီမှပင် ခံစားသိရှိခဲ့သည်။

“ငလျင်ကြောင့် သေဆုံးသူဦးရေက ၁၅၇ ဦးအထိ ရှိလာတယ်။ ဂျဂျာကော့မှာ ၁၀၅ ဦးနဲ့ ရက်ခ်ခမ်မှာ ၅၂ ယောက်တို့ဖြစ်တယ်” ဟု အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကူဘား ကက်သာယတ်က အေအက်ဖ်ပီကို ပြောသည်။

ငလျင်ကြောင့် အခြား လူ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရသည်ဟု ၎င်းက ပြောသည်။

သေဆုံးသူအရေအတွက်က သိသိသာသာ မြင့်တက်လာဖွယ်ရာ မရှိဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာရာယန် ပရာဆက် ဘာတာရာအီက ပြောသည်။

“ကျွန်တော်တို့ ဧရိယာအားလုံးနဲ့ အဆက်အသွယ် လုပ်ထားတယ်။ အစုအပုံ အပျက်အစီးတွေအောက်ကနေ ရုပ်အလောင်းတချို့တလေတော့ ထပ်တွေ့ကောင်း တွေ့နိုင်နေဆဲပါ”

ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ထောက်ကူရန် လုံခြုံရေးတပ်ဖွဲ့များကို ခြေလျင်တဖုံ၊ ရဟတ်ယာဉ်များဖြင့် တနည်း စေလွှတ်ဖြန့်ကျက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly