ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုမှုများကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပယ်ချပြီးနောက် အတိုက်အခံခေါင်းဆောင်များ ထပ်မံ ဖမ်းဆီးခံရ  

ဆွေးနွေးညှိနှိုင်းရန် တောင်းဆိုမှုများကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပယ်ချပြီးနောက် အတိုက်အခံခေါင်းဆောင်များ ထပ်မံ ဖမ်းဆီးခံရ  
ရာထူးမှ နုတ်ထွက်ပေးရေး တောင်းဆိုသည့် နိုင်ငံရေးပြိုင်ဘက်များနှင့် ဆွေးနွေးညှိနှိုင်းရန် ဘင်္ဂလားဒေရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပယ်ချပြီးနောက် နိုင်ငံ၏ အဓိက အတိုက်အခံပါတီမှ နောက်ထပ် အကြီးတန်းခေါင်းဆောင်သုံးဦး ထပ်မံဖမ်းဆီးခံရကြောင်း အဆိုပါ ပါတီက နိုဝင်ဘာ ၃ ရက်တွင် ပြောသည်။
 
ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ချုပ်ချယ်သည့် နည်းဖြင့် အုပ်ချုပ်နေကြောင်း စွပ်စွဲခံထားရသလို ပျံ့နှံ့ပေါ်ပေါက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အဆင့်အမြင့်ဆုံး ရဲတပ်ဖွဲ့ပုဂ္ဂိုလ်တချို့ကိုလည်း အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသည်။
 
ပြီးခဲ့သည့်နှစ်က နိုင်ငံတဝန်း ဟာစီနာ အစိုးရအပေါ် ဆန့်ကျင်သည့် ကြီးမားသော လူထုစည်းဝေးပွဲများကို မြင်တွေ့ခဲ့ရပြီး ဆန္ဒပြသူများက ဇန်နဝါရီတွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲကို ကြီးကြပ်ရန် ဘက်မလိုက်သော ယာယီအစိုးရတရပ် ပေါ်ပေါက်ရေး တောင်းဆိုထားသည်။
 
အဓိက အတိုက်အခံ ပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ (BNP) မှ ရာနှင့်ချီသော အကြီးတန်း ကေဒါများနှင့် ထောက်ခံသူများ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ညတွင်းချင်း ဖမ်းဆီးခံရသူများထဲတွင် ကုန်သွယ်ရေးဝန်ကြီးဟောင်း အမီရာ ခိုစရူ မာမွတ် ချောက်ဟရီလည်း ပါဝင်သည်။
 
“ည ၁၂ နာရီလောက်မှာ ဂူလ်ရှန်မှာ ရှိတဲ့ ကျွန်တော့် အဒေါ်ရဲ့အိမ်မှာ ရဲတွေက ကျွန်တော့်အဖေကို လာဖမ်းခေါ်သွားတယ်” ဟု ချောက်ဟရီ၏ သားဖြစ်သည့် အစ်ရာဖီလ် ခိုစရူက အေအက်ဖ်ပီကို ပြောသည်။
 
BNP ပြောရေးဆိုခွင့်ရှိသူ ဇာဟီရာ အူဒင် ဆွာပန်နှင့် နိုင်ငံ့လက်ရွေးစင် ဘောလုံးအသင်းခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် ပါတီ၏ ဒါကာယူနစ် အကြီးအကဲ အမီနူလ် ဟက်ခ်တို့လည်း ဖမ်းဆီးခံရကြောင်း ပါတီက အတည်ပြုသည်။
 
BNP ပါတီ၏ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တဦးဖြစ်သည့် မီအာဇာ ဖာခ်ရူလ် အစ္စလမ် အလမ်ဂီအာကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရက်ပိုင်းအကြာတွင် နောက်ထပ် ဖမ်းဆီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
 
အောက်တိုဘာ ၂၈ ရက်က အတိုက်အခံ တက်ကြွလှုပ်ရှားသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပဋိပက္ခများအတွင်း ရဲတဦး သေဆုံးမှုနှင့်ပတ်သက်ပြီး အလမ်ဂီအာသည် လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည်။
 
BNP ပါတီ၏ ခေါင်းဆောင်ဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ၂၀၁၈ ခုနှစ်က အကျဉ်းချခံရပြီး သူ၏ သားဖြစ်သူလည်း လန်ဒန်သို့ သွားရောက်တိမ်းရှောင်နေထိုင်ရပြီးနောက်တွင် အလမ်ဂီအာနှင့် ချောက်ဟရီတို့က ပါတီကို ကူညီ ဦးဆောင်ပေးထားခဲ့ကြခြင်းဖြစ်သည်။
 
ယခုနောက်ဆုံး ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က မှတ်ချက်ပြုခြင်း မရှိသော်လည်း အတိုက်အခံ ဆန္ဒပြမှုများအတွင်း ပြီးခဲ့သည့် အပတ်က လူ ၂,၁၁၃ ဦးထက်မနည်းကို အကြမ်းဖက်မှုစွဲချက်များဖြင့် ဖမ်းဆီးထားကြောင်း အစောပိုင်း ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly