စစ်ဆေးရန် လာရောက်ခေါ်ဆောင်သွားသည်ဆိုသည့် သတင်းထွက်ပေါ်မှု မှန်ကန်ခြင်းမရှိ ဟု ဦးကိုကိုနိင်ပြော

စစ်ဆေးရန် လာရောက်ခေါ်ဆောင်သွားသည်ဆိုသည့် သတင်းထွက်ပေါ်မှု မှန်ကန်ခြင်းမရှိ ဟု ဦးကိုကိုနိင်ပြော

သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေသည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် ဒုဥက္ကဌ ဖြစ်သူ ရမည်းသင်းမြို့နယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်အား ယနေ့ (၂၄.၄.၂၀၁၆) နေ့လည်ပိုင်းကရမည်းသင်းမြို့ သူရဲ့နေအိမ် မှ စစ်ဆေးရန် ခေါ်ဆောင်သွားသည် ဆိုသည့်သတင်းများထွက်ပေါ်မှုမှာ မှန်ကန်ခြင်း မရှိကြောင်း ကာယကံရှင်ဖြစ်သူ ဦးကိုကိုနိုင် ကပြောသည်။

“ မဟုတ်ဘူးဗျ မဟုတ်ဘူး အဲ့ဒါသက်သက် ဖွတာ ၊ ကျတော်နေပြည်တော်အိမ်မှာပဲရှိပါတယ် ။ ဘယ်ကဘယ်လို အဓိပ္ပါယ်နဲ့ဖွလဲမသိပါဘူးဗျာ ၊ ဘယ်သူကမှ လာခေါ်တာမျိုးမရှိပါဘူး ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်ကပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်လိုက်သည့် ၁၇ ဦးစာရင်းတွင် ပါဝင်မည်ဟု ယုံကြည်ကြောင်း နှင့် ယခုအချိန်ထိ ပါတီမှထုတ်ပယ်သည်ဟု အကြောင်းကြားစာကို လက်ခံရရှိခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့သည့် ပြည်ခိုင်ဖြိုးပါတီတွင်း သန်းခေါင်ယံ အစည်းအဝေးအပြီး ခေါ်ယူစစ်ဆေးခံခဲ့ရသည်ဆိုသည့် သတင်းထွက်ပေါ်မှုမှာလည်း မှားယွင်းသည်ဟု ဦးကိုကိုနိုင်ကပြောသည်။

ဦးကိုကိုနိုင်သည် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း တိုင်းမှူး အဖြစ် တာဝန်ယူခဲ့ကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly