ရှမ်းမြောက် တိုက်ပွဲများကြောင့် လူအများအပြား နေရပ်စွန့်ခွာကြရဖွယ်ရှိဟု ကုလ ပြော

ရှမ်းမြောက် တိုက်ပွဲများကြောင့် လူအများအပြား နေရပ်စွန့်ခွာကြရဖွယ်ရှိဟု ကုလ ပြော

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လူအများအပြား နေရပ်စွန့်ခွာခဲ့ကြရဖွယ်ရှိပြီး လူရာချီ တရုတ်ဘက်သို့ ထွက်ပြေးခဲ့ကြသည်ဟုလည်း ကြားသိထားရကြောင်း ကုလသမဂ္ဂက အောက်တိုဘာ ၃၀ ရက်တွင် ပြောသည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်း အခြေခံအဆောက်အအုံ စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ဒေါ်လာဘီလီယံချီသော ရထားလမ်း အဆက်အသွယ်တခုကို စီစဉ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေ တခွင်တပြင်တွင် အင်အားကောင်းသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က အောက်တိုဘာ ၂၇ ရက်မှစပြီး စစ်ကောင်စီ တပ်ဖွဲ့များကို တိုက်ခိုက်ထားခဲ့ကြသည်။

ယင်းနောက်ပိုင်းမှစ၍ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့သည် စစ်ကောင်စီ တပ်စခန်းတချို့နှင့် အရေးပါသော လမ်းများကို သိမ်းပိုက်ရရှိထားသည်။

ထိုအဖွဲ့သုံးဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်(လုပ်ပိုင်ခွင့်) နှင့် ရင်းမြစ်များ ထိန်းချုပ်မှုနှင့်ပတ်သက်ပြီး စစ်တပ်နှင့် မကြာခဏ တိုက်ခိုက်ထားခဲ့ကြသည်။

“တိုက်ပွဲတွေကြောင့် အောက်တိုဘာ ၃၀ ရက်အထိ လူပေါင်း ၆,၂၀၀ ကျော်ဟာ လောလောလတ်လတ် နေရပ်စွန့်ခွာခဲ့ကြရတယ်လို့ သိရတယ်” ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

“ဒါ့အပြင် လူရာချီဟာလည်း ဘေးလွတ်ရာနေရာ ရှာတဲ့အနေနဲ့ နယ်စပ်ဖြတ်ပြီး တရုတ်ဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ သိရတယ်”

ဖြစ်ပွားဆဲ တိုက်ပွဲများအတွင်း နောက်ထပ် နေရပ်စွန့်ခွာရသူများ ထပ်ရှိလာဖွယ် ရှိသည်ဟုလည်း ကုလရုံးက ပြောသည်။

တရုတ်သို့ ဦးတည်ရာ အဓိကလမ်းတခုပေါ်တွင် ရှိသည့် သိန္နီမြို့မှ အမျိုးသားတဦးက ၎င်းသည် ဗုဒ္ဓဘုန်းကြီးကျောင်းတကျောင်း၌ အခြားလူ ၁၀၀ ခန့်နှင့်အတူ ခိုလှုံနေရကြောင်း အောက်တိုဘာ ၃၀ ရက်က အေအက်ဖ်ပီကို ပြောသည်။

“ကျွန်တော်တို့မှာ ဘေးကင်းရာ ရှောင်တိမ်းဖို့ နေရာ မရှိခဲ့ဘူး” ဟု လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုသူ အမျိုးသားက ပြောသည်။

“ကျွန်တော်တို့ မြို့ထဲက ထွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်နေလို့ မြို့ထဲကနေ ထွက်လို့ မရခဲ့ဘူး”

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းအနေဖြင့် တိုက်ပွဲများကို အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် အခြေအနေကို အရှိန်မြင့်တက်စေမည့် အရေးမှ တားဆီးရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်း အောက်တိုဘာ ၂၇ ရက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly