အစ္စရေး၏ မြေပြင်ကျူးကျော်စစ်ကို တွန်းလှန်နေဟု ဟားမတ်စ် ပြော 

အစ္စရေး၏ မြေပြင်ကျူးကျော်စစ်ကို တွန်းလှန်နေဟု ဟားမတ်စ် ပြော 

အစ္စရေး၏ မြေပြင်ကျူးကျော်သည့် တပ်ဖွဲ့များဆီ တင့်ကားဖျက် ဒုံးကျည်များဖြင့် ဂါဇာရှိ တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်နေကြောင်း ဟားမတ်စ်အဖွဲ့က ပြောပြီး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တိုက်ပွဲများ ရပ်တန့်ရေးအတွက် တောင်းဆိုမှုများကို ပယ်ချရာ ပါလက်စတိုင်း နယ်မြေ၏ လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းက ပို၍ နက်ရှိုင်းစေသည်။ 

လူပေါင်း ၁,၄၀၀ ကျော် သေဆုံးရသည်ဟု အစ္စရေး အာဏာပိုင်များက ပြောသော လွန်ခဲ့သည့် သီတင်းသုံးပတ်က တိုက်ခိုက်မှုများအတွက် ဂါဇာကမ်းမြောင်ကို အုပ်ချုပ်နေသော ဟားမတ်စ်လှုပ်ရှားမှုအား ပြစ်ဒဏ်ခတ်ရန် အစ္စရေးက ဂါဇာ၌ မြေပြင်စစ်ဆင်ရေးကို တိုးချဲ့လျက် ရှိသည်။ 

အစ္စရေးတပ်များသည် ဂါဇာရှိ အဓိက မြောက်နဲ့တောင် လမ်းမကြီးကို တနင်္လာနေ့က ပစ်မှတ်ထားပြီး နေရာနှစ်နေရာမှနေ၍ ဂါဇာစီးတီးကို တိုက်ခိုက်နေကြောင်း မျက်မြင်များက ဆိုသည်။ ဟားမတ်စ် ဖမ်းဆီးမှုမှ စစ်သားတဦးကို လွတ်မြောက်စေခဲ့ကြောင်း အစ္စရေးက ပြောသည်။ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများ၌ ဟားမတ်စ်တို့က ဓားစာခံ ၂၃၉ ဦးကို ဖမ်းဆီးထားကြောင်း အစ္စရေးက ပြောထားသည်။ 

တောင်ပိုင်းဂါဇာဆီ ကျူးကျော်လာသော အစ္စရေးတပ်များနှင့် အင်္ဂါနေ့ အစောပိုင်းတွင် ထပ်တိုက်တွေ့ပြီး စက်သေနတ်များနှင့် ပြည်တွင်းထုတ် al-Yassin 105 ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ အစ္စရေး ယာဉ်လေးစင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ဟားမတ်စ်၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော Al-Qassam တပ်မက ပြောသည်။ 

ဂါဇာ အနောက်မြောက်ပိုင်းတွင်လည်း အစ္စရေး တင့်ကားနှစ်စင်းနှင့် ဘူဒိုဇာများကို ဟားမတ်စ်တပ်များက တိုက်ခိုက်ခဲ့သည်ဟု al-Qassam တပ်မက ဆိုသည်။ 

ထို တိုက်ပွဲသတင်းများနှင့် ပတ်သက်ကာ ရိုက်တာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။ အစ္စရေးစစ်တပ်ထံမှလည်း ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။ 

အောက်တိုဘာ ၇ ရက်မှစကာ အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အရွယ်မရောက်သေးသူ ၃,၄၅၇ ဦးအပါအဝင် လူပေါင်း ၈,၃၀၆ ဦး သေဆုံးကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက ပြောသည်။ ဂါဇာလူဦးရေ၏ ၂ ဒသမ ၃ သန်းနီးပါးတွင် ၁ ဒသမ ၄ သန်းကျော် အိုးအိမ်မဲ့ဖြစ်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက ဆိုသည်။ 

သေဆုံးသူများ မြင့်တက်လာခြင်းကြောင်း အစ္စရေး၏ အဓိက မဟာမိတ် အမေရိကန်နှင့် အခြားနိုင်ငံများ အပါအဝင် ကုလသမဂ္ဂတို့က ဂါဇာဆီ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပိုမို ပေးပို့နိုင်ရေးအတွက် တိုက်ပွဲများ ရပ်ရန် တောင်းဆိုကြသည်။ 

အစ္စရေးအနေဖြင့် ဂါဇာတွင် ဟားမတ်စ်တို့နှင့် တိုက်ခိုက်မှုများကို ရပ်တန့်ရန် သဘောတူလိမ့်မည် မဟုတ်ဘဲ ယင်း အုပ်စုကို ဖယ်ရှားပစ်မည်ဟု နေတန်ယာဟုက တနင်္လာနေ့ နှောင်းပိုင်းတွင် ပြောသည်။ 

“အပစ်ရပ်ဖို့ တောင်းဆိုတာဟာ ဟားမတ်စ်တွေဆီ အစ္စရေးကို အညံ့ခံဖို့ တောင်းဆိုတာပဲ၊ အကြမ်းဖက်သမားတွေဆီ လက်နက်ချဖို့၊ အရိုင်းအစိုင်းတွေဆီ ခေါင်းငုံ့ခံဖို့ တောင်းဆိုတာပဲ၊ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”ဟု ရုပ်သံမိန့်ခွန်း၌ နေတန်ယာဟုက ပြောခဲ့သည်။ 

အစ္စရေးတပ်များသည် မြေပြင်ထိုးစစ်ကို ဖြေးညင်းစွာ ဆင်နွှဲနေခြင်းမှာ ဓားစာခံများ ပြန်လွတ်ရေး ဟားမတ်စ်တို့နှင့် စေ့စပ်ညှိနှိုင်းမှုကို လမ်းဖွင့်ထားခြင်း ဖြစ်သည်ဟု စစ်ရေးပါရဂူများက ဆိုသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly