ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Photo - Bangkok Post

ထိုင်းနိုင်ငံ ဟက်ယိုင်ခရိုင်တွင် အောက်တိုဘာ ၂၈ ရက်က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ဦး သည် နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် ဖော်ပြသည်။ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး လေးဦး တို့ဖြစ်သည့် အဆိုပါ မြန်မာအလုပ်သမားများ၏ ပတ်စ်ပို့များတွင် သုဝဏ္ဏဘူမိလေဆိပ် လူဝင်မှုကြီးကြပ်ရေးရုံး အဝင် တံဆိပ်တုံးအတု ထုနှိပ်ထားသည်ကို ထိုင်းတာဝန်ရှိသူများက စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာအလုပ်သမားများသည် အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်က ဟက်ယိုင်မြို့ လမ်းတလမ်းဘေးတွင် အုပ်စုလိုက် ထိုင်နေကြစဉ် ကင်းလှည့်လာသည့် ထိုင်းလူဝင်မှုရဲများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ထိုင်းတာဝန်ရှိသူများက ၎င်းတို့၏ ပတ်စ်ပို့များကို စစ်ဆေးရာတွင် သုဝဏ္ဏဘူမိလေဆိပ် လူဝင်မှုကြီးကြပ်ရေးရုံး အဝင်တံဆိပ်တုံးအတု ထုထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့သည် မလေးရှားတွင် အလုပ်လုပ်ရန် အလုပ်ရှာပွဲစားများကို တဦးလျှင် ဘတ် ၁၂၀,၀၀၀ စီ ပေးခဲ့ရသည်ဟု ထိုင်းတာဝန်ရှိသူများကို ပြောခဲ့ကြောင်း သိရသည်။

၎င်းတို့ ထိုင်းနိုင်ငံထဲ ဝင်ရောက်ရန်အတွက် ပွဲစားများက ၎င်းတို့၏ ပတ်စ်ပို့များကို ယူပြီး တံဆိပ်တုံး ထုပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

လမ်းပြတဦး၏ ဦးဆောင်မှုဖြင့် ၎င်းတို့သည် ကန်ချနဘူရီရှိ  ဖြတ်ကူးလမ်းတခုမှတဆင့် နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံထဲ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘန်ကောက်သို့ ဆက်သွားပြီး တည်းခိုရာနေရာတခုတွင် တည်းခိုခဲ့ကြသည်။

အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ၎င်းတို့သည် ဘတ်စ်ကားဖြင့် ဆုန်ခလာပြည်နယ်ရှိ ဟက်ယိုင်သို့ ရောက်ရှိခဲ့ကြပြီး မလေးရှား နယ်စပ်သို့ ဆက်သွားရန် စောင့်နေကြစဉ် အောက်တိုဘာ ၂၈ ရက်၌ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ထိုင်းတာဝန်ရှိသူများက ၎င်းတို့ကို လူဝင်မှုရုံးသို့ ခေါ်ဆောင်သွားပြီး တရားမဝင် ဝင်ရောက်မှု၊ လိမ်လည်အတုပြုမှုနှင့် အဝင်တံဆိပ်တုံးအတုများ အသုံးပြုမှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly