ထိုင်းနှင့် အခြားနိုင်ငံတချို့ထံ သေနတ်တင်ပို့ရောင်းချမှု အမေရိကန် ရပ်နားထား

ထိုင်းနှင့် အခြားနိုင်ငံတချို့ထံ သေနတ်တင်ပို့ရောင်းချမှု အမေရိကန် ရပ်နားထား
Photo - Bangkok Post

အမေရိကန် ကုန်သွယ်ရေးဌာနသည် ထိုင်းနိုင်ငံနှင့် အခြားသော အဓိက ဈေးကွက်များထံ အမေရိကန်လုပ် သေနတ်အများစု တင်ပို့ရောင်းချမှုများကို ရက် ၉၀ ကြာ ရပ်တန့်ထားပြီး နိုင်ငံ၏ အကြီးဆုံး သေနတ် ကုန်သွယ်မှု ပြပွဲက “အမေရိကန်၏ မူဝါဒ အကျိုးတရားများကို ထိခိုက်စေမှု မရှိ” စေရေးအတွက် ထိုပြပွဲအပေါ် ထောက်ခံမှုကို ပြန်လည်သုံးသပ်လျက် ရှိသည်။ ယင်းလုပ်ဆောင်ချက်များက ပြည်ပ သေနတ်ရောင်းချမှုများ၏ ဆယ်စုနှစ် နှစ်စုကြာ တိုးတက်မှုကို နှေးကွေးစေနိုင်သည်။

အကျိုးပြုလိုက်ဖက်သော အမေရိကန် မူဝါဒများနှင့် ပေါင်းစပ်လျက် သေနတ်ထုတ်ကုန်များ ကမ္ဘာတဝန်း ရောင်းချမှုကို တိုးမြင့်စေသည့် အမေရိကန် သေနတ်လုပ်ငန်း၏ အောင်မြင်သော မဟာဗျူဟာများကို Bloomberg သတင်းဌာနက လများချီကြာ စုံစမ်းလေ့လာမှုတရပ် ပြုလုပ်ခဲ့သည်။

လေ့လာစုံစမ်းမှုသည် ထိုင်းနိုင်ငံသို့ သေနတ်ရောင်းချမှုများအပေါ် စူးစမ်းစစ်ဆေးမှုတရပ်နှင့်အတူ ဇူလိုင်လတွင် စတင်ခဲ့သည်။ ထိုင်းတွင် ယမန်နှစ်က ကမ္ဘာ့အဆိုးရွားဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တခု ဖြစ်ပေါ်ခဲ့ပြီး ယင်းတွင် ရဲဝန်ထမ်းဟောင်းတဦးက နွန်ဘူအာလမ်ဖူရှိ နေ့ကလေးထိန်းကျောင်းတကျောင်း၌ ကလေး ၂၂ ဦး အပါအဝင် လူ ၃၅ ဦးကို သတ်ဖြတ်ခဲ့သည်။

လူသတ်သမား အသုံးပြုခဲ့သည့် Sig Sauer P365 သည် အမေရိကန် သေနတ်ထုတ်လုပ်သူလုပ်ငန်းများ တင်ပို့ရောင်းချသည့် အရေအတွက် တိုးပွားနေသော ဆီမီးအော်တိုမက်တစ် သေနတ်များနှင့် ရိုင်ဖယ်များအနက် တမျိုး ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများနှင့် ဆက်နွယ်နေကြောင်းကို စုံစမ်းလေ့လာမှုက ဖော်ထုတ်ခဲ့သည်။

ထိုင်းနိုင်ငံသည် လက်ရှိအချိန်အထိ အမေရိကန်ထုတ် ဆီမီးအော်တိုမက်တစ် သေနတ်များအတွက် ကမ္ဘာတွင် အကြီးဆုံး ဈေးကွက်ဖြစ်နေသည်။ ၂၀၀၅ မှ ၂၀၂၂ အထိ ယင်းကဲ့သို့သော လက်နက် ၇၉၅,၀၀၀ ကို အမေရိကန်မှ ထိုင်းသို့ တင်ပို့ခဲ့ပြီး ယင်းက ကမ္ဘာတဝန်း စုစုပေါင်း ပမာဏဖြစ်သည့် ၃ ဒသမ ၇ သန်း၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း စုံစမ်းစစ်ဆေးမှုတွင် ပြသနေသည်။

ရဲတပ်ဖွဲ့ဝင်များနှင့် အခြားသော အစိုးရအရာရှိများ၏ လက်ထဲသို့ ဈေးနှုန်းလျှော့ချပေးထားသည့် လက်နက်များ ရရှိစေသည့် “သက်သာချောင်ချိရေး သေနတ်များ” အစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်အခြေစိုက် သေနတ်ထုတ်လုပ်ရေးကုမ္ပဏီ Sig Sauer က သေနတ်စုစုပေါင်း ၄၀၀,၀၀၀ အတွက် တော်ဝင်ထိုင်းရဲတပ်ဖွဲ့နှင့်အကြား ကန်ထရိုက်စာချုပ်နှစ်ခု မည်သို့မည်ပုံ ရယူခဲ့သည် ဆိုသည်ကို စုံစမ်းလေ့လာမှုက အသေးစိတ်ထုတ်ဖော်သည်။

သေနတ် မှာယူမှုများ၏ အင်မတန်ကြီးမားသည့် အရွယ်အစားကြောင့် ရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်များအတွက် သေနတ်များ၏ “ပိုင်ဆိုင်မှု အဖိုးတန်ပစ္စည်း အတန်းအစား” သစ်တရပ်ကို ဖြစ်ပေါ်စေသည်ဟု Bloomberg က ဖော်ပြသည်။ လျော့ရဲသည့် ကြီးကြပ်မှုအောက်တွင် သက်သာချောင်ချိရေး သေနတ် ထောင်နှင့်ချီတို့ကို အကျိုးအမြတ်အတွက် ထပ်ဆင့် ပြန်လည်ရောင်းချခဲ့ကြသည်။

အမေရိကန်၏ အကြီးဆုံး သေနတ် ကုန်သွယ်မှု ပြပွဲ SHOT (သေနတ်ပစ်ခြင်း၊ အမဲလိုက်ခြင်း၊ အပြင်ဘက် ကုန်သွယ်ခြင်း) ပြပွဲအပေါ် ကုန်သွယ်ရေးဌာနက ပုံအောထောက်ခံမှု ပေးမှုနှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည့် အခြားသော စတိုရီက စုံစမ်းလေ့လာခဲ့သည်။ ယခုနှစ်တွင် ထိုပြပွဲအခမ်းအနားသို့ နိုင်ငံတကာ ဝယ်သူ ၃,၂၀၀ ကျော် လာရောက်ခဲ့သည်။

ကမ္ဘာတဝန်း အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ ရောင်းချသည့် ဆီမီးအော်တိုမက်တစ်နှင့် အော်တိုမက်တစ် မဟုတ်သော သေနတ်များအတွက် တင်ပို့မှုလိုင်စင်သစ်များ ခွင့်ပြုပေးခြင်းကို ရပ်နားကြောင်း အမေရိကန်ကုန်သွယ်ရေးဌာနက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ထို ရပ်နားမှုက ဘက်ပေါင်းစုံပါသော ပို့ကုန် ထိန်းချုပ်မှု သဘောတူညီချက်တရပ်၌ အမေရိကန်နှင့်အတူ ပါဝင်သည့် အစ္စရေး၊ ယူကရိန်းနှင့် အခြား နိုင်ငံ ၄၀ ခန့်အပေါ် သက်ရောက်မည် မဟုတ်ပေ။

သို့သော် ယင်းက ထိုင်း၊ ဘရာဇီးနှင့် ဂွာတီမာလာ အပါအဝင် အမေရိကန် သေနတ်ထုတ်လုပ်သူများအတွက် အကြီးဆုံး ဈေးကွက်တချို့အပေါ် အကျုံးဝင်သက်ရောက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly