ခြိမ်းခြောက်မှုများကြား နိုးကြားသတိရှိရန် စစ်ဗိုလ်ချုပ်ကြီးများအား ဖိလစ်ပိုင်သမ္မတ အမိန့်ပေး 

By ABS-CBN 
28 October 2023
ခြိမ်းခြောက်မှုများကြား နိုးကြားသတိရှိရန် စစ်ဗိုလ်ချုပ်ကြီးများအား ဖိလစ်ပိုင်သမ္မတ အမိန့်ပေး 

ဖိလစ်ပိုင်နိုင်ငံ၏ အဆင့်ဆင့် ပြောင်းလဲနေသော လုံခြုံရေးအခင်းအကျင်းတွင် ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် နိုးကြားသတိရှိကြရန် အသစ်ခန့်အပ်သော စစ်ဗိုလ်ချုပ်ကြီးများအား သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သောကြာနေ့တွင် ပြောသည်။ 

မိမိတို့နိုင်ငံနှင့် မိမိတို့ ဒေသတွင်း၌ ဖြစ်ပေါ်နေသော အမျိုးသားရေးလုံခြုံရေးနှင့် ကာကွယ်ရေး အရှိတရားတို့ကို တုံ့ပြန်နိုင်ရေးအတွက် ဗိုလ်ချုပ်ကြီးများအနေဖြင့် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း ၎င်းတို့၏ ကျမ်းကျိန်ပွဲ၌ မားကို့စ်က မိန့်ခွန်းပြောခြင်း ဖြစ်သည်။ 

“စစ်တပ်ဟာ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ထွက်ပေါ်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရေးမှာ ပိုပြီး မြန်မြန်ဆန်ဆန် ပြုလွယ်ပြောင်းလွယ်နဲ့ ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ဖို့အရေး ဖိလစ်ပိုင်စစ်တပ်ရဲ့ ခေါင်းဆောင်သစ်တွေအဖြစ် ခင်ဗျားတို့ကို မျှော်လင့်ထားတယ်၊ ကျွန်တော်တို့ဟာ အသင့်ဖြစ်နေရမယ်၊ ကျွန်တော်တို့ စစ်တပ်ဟာ စွမ်းဆောင်နိုင်ရည် ရှိနေရမယ်၊ ထွက်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေကနေ ကျွန်းစုနိုင်ငံကို လုံခြုံမှု ကာကွယ်မှု ပေးနိုင်ရမယ်”ဟု မားကို့စ်က ပြောသည်။ 

“ကျွန်တော်တို့ တန်ဖိုးထားပြီး နှစ်ရှည် ကာကွယ်ခဲ့ရတဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာမယ့် ဘယ်လို ပုံစံမျိုးနဲ့ ထွက်ပေါ်လာမလဲမသိတဲ့ ခြိမ်းခြောက်မှုတွေကို နိုးနိုးကြားကြားနဲ့ စောင့်ကြည့်နေရမှာ ဖြစ်တယ်” ၎င်းက ထပ်လောင်း ပြောသည်။ 

ပြည်တွင်းလုံခြုံရေးနှင့် ပတ်သက်ကာ နိုင်ငံ၌ အပြုသဘော ဖွံ့ဖြိုးမှုများ ရှိလင့်ကစား နိုးကြားမှုက မပြတ်ရှိနေရမည်ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့ နိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဖူလုံဝပြောမှုဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ်မှာ အခြေတည်တယ်”ဟု ၎င်းက ဆိုသည်။ 

တရုတ်ကပါ ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည့် ကမ်းနီးရေတိမ်ပိုင်းတခု၌ တပ်ချထားသော ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များဆီ ရိက္ခာသွားပို့သော သယ်ပို့ရေယာဉ်နှင့် တရုတ်ကမ်းခြေစောင့် သင်္ဘောတစင်းတို့ တိုက်မိမှု ဖြစ်ပွားပြီးနောက်၌ သမ္မတ၏ ယခု ပြောဆိုချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ 

ဖိလစ်ပိုင် ရိက္ခာပို့ရေယာဉ်သည် “အကြိမ်ကြိမ် သတိပေးချက်ကို လျစ်လျူရှုပြီး အန္တရာယ်ရှိစွာ ပြုမူရာမှ” အနည်းငယ် တိုက်မိမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်က ပြောကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် CCTV က ဖော်ပြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly