လီဗြောင်ဟွန်း၊ ကောင်ဒေါင်ဝမ်နှင့် ကင်ဝူဘင်းတို့ ရာဇဝတ်မှု အက်ရှင် ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်

လီဗြောင်ဟွန်း၊ ကောင်ဒေါင်ဝမ်နှင့် ကင်ဝူဘင်းတို့ ရာဇဝတ်မှု အက်ရှင် ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်

ဆိုးလ်၊ ဧပြီ ၂၃ ။           ။ တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်း၊ ကောင်ဒေါင်ဝမ်၊ ကင်ဝူဘင်း၊ အမ်ဂျီဝမ်၊ အိုဒါလ်ဆို နှင့် Jin Kyung တို့သည် မကြာမီထုတ်လွှင့်ပြသမည့် ရာဇဝတ်မှု အက်ရှင် ရုပ်ရှင်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

ရိုက်ကူးမှုမတိုင်မီ တစ်ရက်အလို ဧပြီ ၂၂ ရက်က CJ Entertainment က ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်မည့် အနုပညာရှင်များနှင့် အဖွဲ့သားများ ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့သည်။

“Master” ရုပ်ရှင်ကားသည် သစ္စာဖောက်မှုကို ကိုင်တွယ်ဖြေရှင်းသည့် ရာဇဝတ် အက်ရှင် ကားဖြစ်ပြီး ရဲတပ်ဖွဲ့က ပြောင်မြောင်လှသော လူလိမ်အမျိုးသားတစ်ယောက်နှင့် ၎င်းကိုနောက်ကွယ် က ခိုင်းစေနေသော အဖွဲ့များကို ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းသည့်အကြောင်းကို ပုံဖော်ထားသည့် ရုပ်ရှင်ကားဖြစ်သည်။

ယင်းဇာတ်ကားတွင် လီဗြောင်ဟွန်းသည် ယုံကြည်နိုင်လောက်အောင် ပြောဆိုနိုင်ပြီး အဖွဲတစ် ဖွဲ့၏ ထောက်ပံ့မှုကြောင့် ရာဇဝတ်မှုမှ လွှတ်မြောက်နေပြီး အရာရာတိုင်းကို အံကိုက်ဖြစ်အောင် စီစဉ် လုပ်ဆောင်နိုင်သည့် လူလိမ် ဂျင်ဟေးဂျောင်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်သည်။

ကောင်ဒေါင်ဝမ်သည် လူလိမ်အမှုကို ကြီးကြပ်လုပ်ဆောင်ရသော ရဲတပ်ဖွဲ့ခေါင်းဆောင် ကင်ဂျေမြောင်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းဇာတ်ကားသည် ကောင်ဒေါင်ဝမ် စုံထောက်အဖြစ် ပထမဆုံး သရုပ်ဆောင်မည့် ရုပ်ရှင်ကား ဖြစ်လာမည်ဖြစ်သည်။

ကင်ဝူဘင်းသည် ဂျင်ဟေးဂျောင်ကို နောက်ကွယ်မှ ထောက်ပံ့မှုပေးနေသည့် အဖွဲ့ကို တည်ထောင်ထားသည့် ကြိုးကိုင်သူအဖြစ် သရုပ်ဆောင်သွာမည် ဖြစ်သည်။ မင်းသမီး Jin Kyung က ယင်းအဖွဲ့၏ ကြော်ငြာ အမှုဆောင်အရာရှိအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

အမ်ဂျီဝမ်သည် ရဲတပ်ဖွဲ့တွင် ဗိုလ်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ပြီး အိုဒါလ်ဆိုသည် အထက်တန်းရှေ့နေ ဟောင်မြောင်ဂျွန်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly