အဆိုတော် ထွန်းထွန်း (Examplez) ၏ Super Star DVD ကာရာအိုကေ အခွေ ဧပြီ ၃၀ ရက်တွင် ထွက်ရှိမည်

အဆိုတော် ထွန်းထွန်း (Examplez) ၏ Super Star DVD ကာရာအိုကေ အခွေ ဧပြီ ၃၀ ရက်တွင် ထွက်ရှိမည်

ရန်ကုန် ၊ ဧပြီ ၂၃ ။              ။ အဆိုတော် ထွန်းထွန်း (Examplez) ၏ တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် Super Star DVD ကာရာအိုကေ အခွေကို Media 7မှ ထုတ်လုပ်ပြီး ဧပြီ ၃၀ရက်တွင် Bo Bo Music Production မှ မြန်မာ တစ်နိုင်ငံလုံး သို့ စတင် ဖြန့်ချိ ပေးသွားမည် ဖြစ်သည်။

အဆိုတော် ထွန်းထွန်း (Examplez) ၏ Super Star DVD ကာရာအိုကေ အခွေကို Media 7မှ ထုတ်လုပ်ပြီး Bo Bo Music Production မှ ဖြန့်ချိမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဧပြီ ၂၃ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ပြုလုပ် ခဲ့သည်။

Super Star တေးအယ်ဘမ် Audio CD ကို ၂ဝ၁၂ ခုနှစ် မေလ ၂၉ရက်နေ့ က ဖြန့်ချိ ခဲ့ခြင်း ဖြစ်ပြီး ယခု DVD အခွေကို ၂၀၁၆ ခုနှစ်တွင် ထွက်ရှိ ဖြစ်ကာ Audio CD နှင့် DVD ကာရာအိုကေ အခွေသည် အချိန် ၄နှစ်ကြာ သွား ခဲ့သည်။

အဆိုတော် ထွန်းထွန်း က "ပထမ Audio ထွက်တုန်းက ဖြန့်ချိရေး အားနည်းတယ်။ ကြော်ငြာပိုင်း အားနည်းတဲ့ အတွက် သိတဲ့သူ နည်း ပါတယ်။ အခု DVD ကတော့ မသိသေးတဲ့ သူတွေ အတွက် အသစ် တစ်မျိုးတော့ ဖြစ်နေတာပေါ့။ DVD အခွေ မှာ Audio CD ထဲက သီချင်း ၁၀ပုဒ်ပဲ ပါမယ်။ ပြီးတော့ Bonus Track အနေနဲ့ တစ်ပုဒ် ထည့်ပေး ထားပါ တယ်" ဟု ပြောသည်။

Audio CD တွင် ပါဝင် ခဲ့သည့် တေးသီချင်း ၁၄ပုဒ် ထဲမှ ၄ပုဒ်ကို ဖြုတ်ကာ ကျန်ရှိသည့် တေးသီချင်း ၁၀ပုဒ်ကို DVD အဖြစ် ရိုက်ကူး ထားပြီး Bonus Track အနေဖြင့် အဆိုတော် နီနီခင်ဇော် နှင့် သီဆို ထားသည့် တေး သီချင်း တစ်ပုဒ် ပါဝင်မည် ဖြစ်သည်။

Super Star DVD ကာရာအိုကေ အခွေတွင် ပါဝင်သည့် တေးသီချင်း ၁၁ပုဒ် ကို ဒါရိုက်တာ များ အဖြစ် ဒါရိုက်တာ အောင်မြတ် ၊ ဝင်းလွင်ထက် ၊ သီဟ ၊ ကျော်စိုး ၊ ကိုလင်း ၊ ချမ်းငြိမ်းစိုး တို့မှ ရိုက်ကူး ပုံဖော် ပေးထားကြသည်။

ပရိုမိုးရှင်း အနေဖြင့် ဧပြီ ၃၀ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာ၌ အဆိုတော် ထွန်းထွန်း နှင့် အတူ အနုပညာရှင်များမှ အမှတ်တရ လက်မှတ် ရေးထိုးမည် ဖြစ်သည်။

မန္တလေးတွင် မေလ ၁ရက် ၌ မန္တလေးမြို့ရှိ မနော်ရမံ ကစားကွင်းတွင် ညနေ ၅နာရီ မှ စတင်ပြီး အဆိုတော် ထွန်းထွန်း နှင့် ပါဝင်သည့် အနုပညာရှင်များမှ အမှတ်တရ လက်မှတ် ရေးထိုးပြီး အခွေများကို ရောင်းချ ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly