အိန္ဒိယက မလေးရှားကို ဆန်ရောင်းချပေးရန် သဘောတူ

အိန္ဒိယက မလေးရှားကို ဆန်ရောင်းချပေးရန် သဘောတူ

အိန္ဒိယသည် မလေးရှားကို ဆန်ဖြူ မက်ထရစ်တန်ချိန် ၁၇၀,၀၀၀ တင်ပို့ရောင်းချရန် သဘောတူခဲ့သည့်အတွက် ယခုအခါ ဆန်ပြတ်လပ်မှု အခက်အခဲများနှင့်ပတ်သက်ပြီး မလေးရှားပြည်သူများ သက်ပြင်းချနိုင်ပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတူဆရီ ဇမ်ဘရီ အက်ဘ် ကာဒီယာက ပြောသည်။

အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ် ဂျိုင်ရှန်ကာထံမှ အောက်တိုဘာ ၁၈ ရက် ဖုန်းခေါ်ဆိုမှုအတွင်း သတင်းကောင်းကြားခဲ့ရခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“အိန္ဒိယရဲ့ လုပ်ဆောင်ပေးမှုအတွက် မလေးရှားပြည်သူတွေက အများကြီး ကျေးဇူးတင်ပါတယ်။ မလေးရှားနဲ့ အိန္ဒိယဟာ အင်မတန် ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ရှိပါတယ်” ဟု ဇမ်ဘရီက ပြောသည်။

နိုင်ငံတွင် ဆန်ဖြူ ရှားပါးမှုကြောင့် မလေးရှားအစိုးရက အထူး ခွဲတမ်းတခုကို တောင်းဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ခိုင်မာသည့် ဆက်ဆံရေးကြောင့် ယခုကဲ့သို့ အထူးခွဲဝေသတ်မှတ်ပေးမှုကို ပေါ်ပေါက်စေခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တဦးက ပြောသည်။

အိန္ဒိယသည် မိတ်ဆွေဖြစ်မှုအဖြစ် အောက်တိုဘာ ၁၈ ရက်က မလေးရှားကို ဘာစမာတီ မဟုတ်သည့် ဆန်ဖြူ မက်ထရစ်တန် ၁၇၀,၀၀၀ တင်ပို့ရောင်းချရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်က အိန္ဒိယနဲ့ မလေးရှားအကြား နီးကပ်တဲ့ ဆက်ဆံရေးကို ထင်ဟပ်ပြသသလို ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိတ်ဆွေနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ထောက်ကူပံ့ပိုးတဲ့ အိန္ဒိယရဲ့ မူဝါဒနဲ့ ကိုက်ညီနေပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အိန္ဒိယသည် ကမ္ဘာ့ ဆန်ဈေးကွက်၏ ၄၀ ရာခိုင်နှုန်းကို တင်ပို့သည့် နိုင်ငံဖြစ်သည်။

အိန္ဒိယအစိုးရသည် နိုင်ငံ၌ ဆန်ဈေးနှုန်းများ ကျဆင်းစေရန်နှင့် ပြည်တွင်းဖူလုံမှု သေချာစေရန် ဘာစမာတီ မဟုတ်သော ဆန်ဖြူ ပြည်ပတင်ပို့မှုများကို ရပ်တန့်မည် ဆိုပြီး ဇူလိုင် ၂၀ ရက်က ကြေညာခဲ့သည်။

သို့သော် ယင်းသည် အိန္ဒိယထံမှ ဆန် အများဆုံး တင်သွင်းသူများဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်ကဲ့သို့ နိုင်ငံများတွင် ဆန် ပြတ်လပ်မှုတို့ကို ဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly