ထိုင်းအလုပ်သမားအားလုံး အစ္စရေးမှ ထွက်ခွာကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းအလုပ်သမားအားလုံး အစ္စရေးမှ ထွက်ခွာကြရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း
Photo - AFP

အစ္စရေးရောက် ထိုင်းအလုပ်သမားအားလုံး အမြန်ဆုံး ထွက်ခွာပြီး နိုင်ငံသို့ ပြန်လာကြရန် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက အောက်တိုဘာ ၂၃ ရက်တွင် တိုက်တွန်းသည်။ ပဋိပက္ခက ကူးစက်ပျံ့နှံ့ကာ အရှိန်မြင့်တက်ဖွယ် ရှိပြီး ရှေ့ကာလ မြေပြင်တိုက်ပွဲများက ဘေးလွတ်ရာ ရွှေ့ပြောင်းမှု ကြိုးပမ်းမှုများအပေါ် အဟန့်အတားဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ၎င်းက သတိပေးသည်။

အစ္စရေးနှင့် ပါလက်စတိုင်း ဂါဇာကမ်းမြှောင်ရှိ အခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ပြီးနောက် ထိုင်းဝန်ကြီးချုပ်က အထက်ပါအတိုင်း တိုက်တွန်းပန်ကြားခြင်း ဖြစ်သည်။

“တိုက်ခိုက်မှုတွေ လျော့ပေါ့ခဲ့တယ် ဆိုပေမယ့် စစ်ပွဲရဲ့ ပြင်းထန်မှုက လျော့ကျမသွားဘဲ အရှိန်ပိုမြင့်တက်ဖွယ် ရှိသလို အနီးအနား နိုင်ငံတွေဆီ ပျံ့နှံ့သွားဖွယ်ရာ ရှိတယ်လို့ စစ်တပ်၊ နိုင်ငံခြားရေးနဲ့ လုံခြုံရေး အာဏာပိုင်တွေအားလုံးက အတည်ပြုထားပါတယ်။ ဒါက တကယ့်ကို စိုးရိမ်စရာ ဖြစ်တယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

“ကျေးဇူးပြုပြီးတော့ ပြန်လာကြပါ။ ထိုင်းအလုပ်သမားတွေ အစ္စရေးကနေ ထွက်ခွာကြဖို့ ဒီမှာ ရှိတဲ့ သူတို့ရဲ့ ဆွေမျိုးတွေကလည်း စည်းရုံးပြောဆိုပေးကြပါ။ ခုချိန်မှာက သူတို့ ပြန်လာဖို့က ဖြစ်နိုင်ဆဲ မို့လို့ပါ။ မြေပြင် တိုက်ပွဲတွေ စတဲ့အချိန်ကျရင် ပြန်လာဖို့က ခက်သွားပါလိမ့်မယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းမှု စင်တာတွေနဲ့ လေဆိပ်တွေဆီ ရောက်ဖို့ ပိုခက်ပါလိမ့်မယ်” ဟု မစ္စတာ ဆရတ်သာက ပြောသည်။

“ခုချိန်မှာ တနေ့ကို ထိုင်းနိုင်ငံသား ၁,၀၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ပါတယ်။ အားလုံး ပြန်လာကြစေချင်တယ်။ ခင်ဗျားတို့ နာမည်တွေ လက်မှတ်ထိုးပြီးကြရင် စိတ်မပြောင်းကြပါနဲ့။ ပိုက်ဆံ ဘယ်လောက် ရရ၊ အဲဒါထက် ခင်ဗျားတို့ အသက်က ပိုအရေးကြီးပါတယ်။ အားလုံး ဘေးကင်းကင်းနဲ့ ပြန်လာစေချင်တယ်။ အခြားဟာတွေက အဲလောက် အရေးမကြီးပါဘူး။ ပြန်လာကြပါ။ ခင်ဗျားတို့ အသက်အတွက် ပူပန်ကြပါ။ ခုပဲ ပြန်လာကြပါ။ ဒါက အဓိကအရေးကြီးဆုံးပါ” ဟု ၎င်းက ပြောသည်။

ပြန်လာကြသူများအတွက် ငွေသားမက်လုံးအဖြစ် တလလျင် လက်ရှိ ထိုင်းဘတ် ၁၅,၀၀၀ မှ ပိုပြီး တိုးမြှင့်ပေးရန်နှင့် ၎င်းတို့ ပြန်ရောက်သည်နှင့် အလုပ်အကိုင်များ ရှိစေရန် လုပ်ဆောင်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း မစ္စတာ ဆရတ်သာက ပြောသည်။

ထို့ပြင် ဟားမတ်စ်တို့ အဓမ္မခေါ်ဆောင်ထားသည့် ထိုင်းနိုင်ငံသားများ ပြန်လည်လွတ်မြောက်စေရေး ထိုင်းအစိုးရဘက်က အစွမ်းကုန်လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုလုပ်ခဲ့ချိန် အစ္စရေးတွင် ရောက်ရှိနေသည့် ထိုင်းအလုပ်သမား ၃၀,၀၀၀ ခန့်အနက် ၈,၅၀၀ ခန့်သည် မိခင်နိုင်ငံသို့ ပြန်လာရန် စာရင်းပေးထားပြီးဖြစ်သလို နေ့စဉ် ပြန်လည်ရောက်ရှိလာလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly