အစ္စရေး-ဟားမတ်စ် စစ်အတွင်း ဓားစာခံဖမ်းဆီးခံထားရသူများကို ကယ်တင်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

အစ္စရေး-ဟားမတ်စ် စစ်အတွင်း ဓားစာခံဖမ်းဆီးခံထားရသူများကို ကယ်တင်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
Photo - Bangkok Post

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသားများ ပြန်လည်လွတ်မြောက်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက အောက်တိုဘာ ၂၃ ရက်တွင် သက်ဆိုင်ရာ အေဂျင်စီများနှင့် အစည်းအဝေးခေါ်ယူ ဆွေးနွေးမည် ဖြစ်သည်။

ယခုကိစ္စက အနုစိတ်ကြောင်းနှင့် ဓားစာခံ ဖမ်းဆီးခံထားရသူများကို ဘေးကင်းရာ ခေါ်ထုတ်နိုင်ရန် ဆွေးနွေးမှုများ လုပ်ဆောင်ထားကြောင်း ၎င်းက ပြောသည်။ မိခင်နိုင်ငံသို့ ပြန်လာချင်သည့် ထိုင်းအလုပ်သမားဦးရေလည်း ဆက်လက် တိုးလာလျက် ရှိသည်။

“ဒီကိစ္စကို ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျွန်တော်တို့ အစည်းအဝေးလုပ်ပါမယ်။ ဝန်ကြီးဌာနရော၊ အစ္စရေးဆိုင်ရာ ထိုင်းသံအမတ်ရော၊ လုံခြုံရေးအေဂျင်စီတွေအားလုံးက ဓားစာခံဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို ကူညီဖို့ အထူးအလေးထား လုပ်ဆောင်နေပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

အဓမ္မခေါ်ဆောင်ခံ ထိုင်းနိုင်ငံသားများ လွတ်မြောက်ရေး ညှိနှိုင်းရန် ထိုင်းအာဏာပိုင်များဘက်က ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းအားလုံးကို ကြိုးစားကြည့်နေသည်ဟု ၎င်းက ပြောသည်။

“ညှိနှိုင်းမှုတွေမှာ ပုဂ္ဂိုလ်ရေး ဆက်သွယ်မှုတွေကိုလည်း အသုံးပြုပါမယ်။ တနင်္လာနေ့မှာ အခြေအနေတိုးတက်မှုတွေ ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှုတွေရဲ့ အသေးစိတ်တချို့ကို ထုတ်ဖော်လို့ မရပါဘူး။ ဒါပေမယ့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသားတွေကို အကူအညီပေးဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကျွန်တော် အာမခံပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။

အစ္စရေး-ဟားမတ်စ် စစ်အတွင်း ထိုင်းနိုင်ငံသို့ ပြန်လာချင်သည့် အစ္စရေးရောက် ထိုင်းနိုင်ငံသားများအနက် သုံးပုံ တပုံသည် ယခုအခါ နိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖိုင်ရွန် ချိုတစ်ကက်ဆတ်တီယန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly