သင်္ဘောတိုက်မိမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နှင့် တရုတ် သံတမန်နည်းအရ အပြန်အလှန် ကန့်ကွက်

သင်္ဘောတိုက်မိမှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နှင့် တရုတ် သံတမန်နည်းအရ အပြန်အလှန် ကန့်ကွက်
Photo - AFP

အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်နှင့် တရုတ် သင်္ဘောများအကြား တိုက်မိမှုဖြစ်စဉ် နှစ်ခုနှင့်ပတ်သက်ပြီး အခြေအတင်ဖြစ်မှုတို့ မြင့်တက်နေစဉ် အောက်တိုဘာ ၂၃ ရက်တွင် ဖိလစ်ပိုင်က တရုတ်သံအမတ်ကို ဆင့်ခေါ်ကန့်ကွက်သလို တရုတ်ကလည်း ကန့်ကွက်လွှာတစောင် တင်ခဲ့သည်။

စပရတ်တလေ ကျွန်းစုရှိ Second Thomas သောင်ခုံအနီး အောက်တိုဘာ ၂၂ ရက် ဖြစ်စဉ်နှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် အပြစ်တင်ခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံစလုံးက သံတမန်နည်းအရ ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့သလို ၎င်းတို့၏ ပြောကြားချက်များကို ခိုင်မာစေရန် ဗီဒီယိုများ ထုတ်လွှင့်ခဲ့ကြသည်။

မနီလာ၏ နယ်မြေပိုင်ဆိုင်ကြောင်း ပြောဆိုချက်များကို မှန်ကန်ကြောင်းပြသရန် သောင်ခုံရှိ ကျောက်ချရပ်နားထားသည့် ရေတပ်စစ်သင်္ဘောတစင်းပေါ်တွင် စခန်းချထားသည့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များထံ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည့် ထောက်ပို့မစ်ရှင်တခုအတွင်း အဆိုပါ သင်္ဘောတိုက်မိမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ဘက်က လုပ်ဆောင်နိုင်သမျှ သံတမန်ရေး လုပ်ငန်းစဉ်တွေကို အပြည့်အဝ အသုံးပြုလုပ်ဆောင်နေပါတယ်။ ဒီထဲမှာ တရုတ်သံအမတ် ဟွမ်ရှီလျန်ကို ဒီမနက် ဆင့်ခေါ်တာလည်း ပါပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တီရက်စီတာ ဒါဇာက သတင်းထောက်များကို ပြောသည်။

ဆင့်ခေါ်သည့် အစည်းအဝေးသို့ တရုတ်သံအမတ် တက်ရောက်နိုင်ခြင်း မရှိဘဲ ၎င်း၏ လက်ထောက်ဖြစ်သည့် သံရုံး၏ ဒုတိယအကြီးအကဲဖြစ်သူက ကိုယ်စား တက်ရောက်ခဲ့ကြောင်း ဒါဇာက ပြောသည်။

Second Thomas သောင်ခုံအနီး ဖိလစ်ပိုင် သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က မီးသတ်ပိုက်ဖြင့် ထိုးသည့် ဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ဩဂုတ်လကလည်း တရုတ်သံအမတ်သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသေးသည်။

“ဒီသောင်ခုံက မိမိတို့ရဲ့ အထူးစီးပွားရေးဇုန်နဲ့ ကုန်းမြေထု ကမ်းဦးရေတိမ်ပိုင်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်လို့ မိမိတို့မှာ အချုပ်အချာအာဏာနဲ့ စီရင်ပိုင်ခွင့် ရှိပါတယ်” ဟု ဒါဇာက ပြောသည်။

တရုတ်သံတမန်တဦးကလည်း ယင်းကိစ္စအပေါ် အခိုင်အမာ ကျေနပ်မှု မရှိကြောင်း ဖော်ပြသည့် တင်ပြချက်ကို ပြုလုပ်ခဲ့သလို သောင်ခုံဧရိယာအတွင်း ဖိလစ်ပိုင်သင်္ဘောများ ဝင်ရောက်မှုအပေါ် ဆန့်ကျင်ကြောင်း ပြောခဲ့သည်ဟု မနီလာရှိ တရုတ်သံရုံးက ပြောသည်။

တရုတ်ကမ်းခြေစောင့်သင်္ဘောတစင်း၏ ‘အဆင်အခြင်မဲ့ လုပ်ဆောင်မှု’ ကြောင့် တပ်ဖွဲ့ဝင်များထံ ရိက္ခာပေးပို့ရန် ဖိလစ်ပိုင်စစ်တပ်က ငှားထားသည့် သစ်သားရေယာဉ်တစင်းနှင့် တိုက်မိမှုဖြစ်ခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲသည်။

တဖက်တွင်လည်း ဖိလစ်ပိုင် ထောက်ပို့သင်္ဘောက အကြိမ်ကြိမ် သတိပေးမှုကို လျစ်လျူရှုပြီး ပရော်ဖက်ရှင်နယ် မဆန်၊ အန္တရာယ်ရှိသော အပြုအမူဖြင့် ဥပဒေစိုးမိုးမှုအပေါ် တမင်ရည်ရွယ် ဖြတ်သန်းခဲ့ပြီးနောက် အသေးစား တိုက်မိမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြသည်။

အခြားသော ဖြစ်စဉ်တခုတွင် ထောက်ပို့မစ်ရှင်ကို လိုက်ပါစောင့်ရှောက်သည့် ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘောတစင်းကို တရုတ် သင်္ဘောတစင်းက ဝင်ဆောင့်တိုက်ခဲ့သည်ဟု သိရသည်။

သို့သော် ဖိလစ်ပိုင် သင်္ဘောသည် တရုတ်ငါးဖမ်းသင်္ဘောတစင်းထံသို့ ဦးတည်ပြီး ကြိုတင်ကြံရွယ်ထားသည့် အပြုအမူတခုဖြင့် နောက်ကြောင်းပြန်လှည့်လာရင်း ပြဿနာဖြစ်စေရန် တမင် လှုံ့ဆော်ခဲ့ကြောင်း တရုတ်က စွပ်စွဲသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly