အစ္စရေးက တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်စဉ် ဂါဇာ၌ လူအများအပြား သေဆုံး

အစ္စရေးက တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်စဉ် ဂါဇာ၌ လူအများအပြား သေဆုံး
Photo - AFP

စစ်ဒဏ်ခံ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂ ရက်တွင် ဂါဇာအလယ်ပိုင်း၌ ပါလက်စတိုင်း အများအပြား သေဆုံးခဲ့သည်။ ဟားမတ်စ် ထိန်းချုပ်သော နယ်မြေတွင် “ကြီးမားလှသည့်” ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရစဉ် အကူအညီပစ္စည်းတင် ထရပ်ကား ၁၇ စီးပါ နောက်ထပ် ယာဉ်တန်းတခုလည်း ဆိုက်ရောက်လာခဲ့သည်။

အကြမ်းဖက်မှုက အတားအဆီးမဲ့ သဲကြီးမဲကြီး ဆက်ဖြစ်နေစဉ် ဒေသသည် ‘ထိန်းချုပ်၍ မရနိုင်သည့်” အခြေအနေသို့ ရောက်သွားနိုင်‌သည်ဟု အီရန်က ပြောသည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက လက်ဘနွန်၏ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြတ်သားသည့် သတိပေးချက်တခု ထုတ်ခဲ့ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်ပါက “အမှားကြီး” ကျူးလွန်ရာ ရောက်လိမ့်မည်ဟု ပြောသည်။

ပဋိပက္ခကို မီးလောင်ရာ လေပင့်လုပ်လိုသူများကို ဝါရှင်တန်က သတိပေးခဲ့ပြီး “အရှိန်မြှင့်တက်မှု” ဖြစ်ပါက ဝင်ရောက်ဆောင်ရွက်ရန် တုံ့ဆိုင်းနေမည် မဟုတ်ဟု ပြောသည်။

ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်တွင် နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို စီးနင်းတိုက်ခိုက်ခြင်းကြောင့် လူ ၁,၄၀၀ ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ယင်း စီးနင်းမှု ပထမဆုံးနေ့တွင် အများအားဖြင့် အရပ်သားများ ပစ်ခတ်၊ ကိုယ်လက်အင်္ဂါဖြတ်တောက် သို့မဟုတ် မီးရှို့သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း အစ္စရေး တာဝန်ရှိသူများက ပြောသည်။

အစ္စရေး၏ သမိုင်းတွင် အဆိုးဆုံး တိုက်ခိုက်ခံရမှုအတွင်း ဟားမတ်စ်တို့သည် ဓားစာခံ ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့သည်။

တိုက်ခိုက်ခံရမှုအပေါ် ပြန်လည်တုံ့ပြန်ပြီး အစ္စရေးကလည်း မရပ်မနား ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် အရပ်သားအများစု အပါအဝင် ပါလက်စတိုင်း ၄,၆၀၀ ကျော် သေဆုံးကြောင်း ဂါဇာ၏ ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။

ဂါဇာ အလယ်ပိုင်းမြို့ ဒိုင်အာ အယ်လ် ဘယ်လာဟ်သည် အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက် ညပိုင်း တိုက်ခိုက်ခံရမှုများကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဂါဇာအလယ်ပိုင်း၌ ညပိုင်း တိုက်ခိုက်ခံရမှုများအတွင်း လူ ၈၀ ဦးထက်မနည်း သေဆုံးပြီး လူနေအိမ် ၃၀ ကျော် ပျက်စီးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly