စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်

စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီက အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း လူဆယ်ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေထဲမှာ စစ်ကိုင်းတိုင်းက (၁၄) ကြိမ်နဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်က သုံးကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

မကွေး၊ ပဲခူး၊ ကယား၊ ရခိုင်နဲ့ မွန်ပြည်နယ်တွေမှာတော့ တစ်ကြိမ်စီဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်တွေအရ စစ်ကောင်စီဟာ လူသားမျိုးနွယ်ပျက်သုဉ်းစေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်ပြီး စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်း ဆောင်ရွက်မယ်လို့ NLD ပါတီက ပြောပါတယ်။

အဲဒီဖြစ်ရပ်တွေထဲမှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းကနေ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးမှုက အများဆုံးဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ၁၆၈ ဦး ထိသေဆုံးခဲ့တယ်လို့ NLD ပါတီရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလကဖြစ်ခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ လေကြောင်း တိုက်ခိုက်ခံရမှု ကတော့ စုစုပေါင်းလူ ၆၂ ဦးသေဆုံးခဲ့ပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။

အနန့်ပါလေကြောင်းတိုက်ခိုက်ခံရမှုအပြီး တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကတော့ ကချင်ပြည်နယ် လိုင်ဇာမြို့ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စစ်ခန်း ပစ်ခတ်ခံရပြီး အရပ်သားသုံးဆယ် နီးပါး သေဆုံးခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဥပဒေမဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦး ဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့  ပြည်သူလူထုကို ပစ်ခတ်သတ် ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် အကျဉ်းချသတ်ဖြတ်ခြင်းတွေနဲ့ ရက်စက်စွာ ပြုမူလုပ်ဆောင်ခဲ့တဲ့အပြင် အ ရပ်သားပြည်သူလူထုရဲ့ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊

ပိုင်ဆိုင်မှု များကိုသိမ်းဆည်းခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို စနစ်တကျ ဆက်တိုက် ကျူးလွန်နေတယ်လို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့ထံမှ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်တွေဟာ အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်ပျက်သုဉ်းစေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ထင်ရှားနေကြောင်း၊ စစ်ကောင်စီအား တာဝန် ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနဲ့  ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိ ရေးတို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေ ရပ်တန့်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာကလည်း ပိုမိုထိရောက်စွာကူညီကြဖို့ တိုက်တွန်းကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်မှစကာ အဆိုးရွားဆုံးလူသားချင်းစာနာမှုအကျပ်အတည်းကို စစ်တပ်ရဲ့ ဆက်လက်တိုက်ခိုက်နေမှုများက ပိုမိုဆိုးရွားစေပြီး ပြည်တွင်းနေရပ်စွန့်ခွါသူဦးရေမှာလည်း ၁.၆ သန်းကျော်ရှိလာပြီဖြစ်ပါတယ်။

ကလေးသူငယ်နဲ့ အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦး သေဆုံးပြီး ၆၀ ဦးခန့် ဒဏ်ရာရစေခဲ့တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်အုပ်စုရဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး ဗြိတိန်၊အမေရိကန်၊ ပြင်သစ်၊ ကနေဒါ၊ ကုလသမဂ္ဂမြန်မာရုံးနဲ့ ယူနီဆက်ဖ်မြန်မာတို့က ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ထားပါတယ်။

လူအများအပြား သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကလည်း မြန်မာစစ်တပ်အပေါ် ရှုတ်ချကြောင်း အောက်တိုဘာ ၁၀ ရက်နေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ လုံခြုံရေးကောင်စီက အရေးယူ ကိုင်တွယ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

အရပ်သားတွေကို အကာအကွယ်ပေးဖို့ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို မြန်မာစစ်အာဏာပိုင်တွေ လိုက်နာဖို့လည်း တောင်းဆိုခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly