အစ္စရေးတွင် ဖိလစ်ပိုင် ၂ ဦး သေဆုံးသည့်နောက် အကြမ်းဖက်တိုက်ခိုက်မှုများကို သမ္မတ မားကို့စ် ရှုတ်ချ 

By ASB-CBN 
11 October 2023
အစ္စရေးတွင် ဖိလစ်ပိုင် ၂ ဦး သေဆုံးသည့်နောက် အကြမ်းဖက်တိုက်ခိုက်မှုများကို သမ္မတ မားကို့စ် ရှုတ်ချ 

အစ္စေရးနိုင်ငံနှင့် ဟားမတ်စ်စစ်သွေးကြွများကြား ဖြစ်ပွားဆဲ လက်နက်ကိုင် ပဋိပက္ခတွင် ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး သေဆုံးသည့်နောက်၌ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အကြမ်းဖက်တိုက်ခိုက်မှုများကို ဗုဒ္ဓဟူးနေ့တွင် ရှုတ်ချလာခဲ့သည်။ 

“အစ္စရေးမှာ ဖိလစ်ပိုင် နိုင်ငံသားနှစ်ဦး သေဆုံးရတဲ့ သတင်း အတည်ပြုချက်ကြောင့် ကျွန်တော် စိတ်ထိခိုက်ရပါတယ်၊ ဖိလစ်ပိုင်အနေနဲ့ ဒီ သတ်ဖြတ်မှုတွေကို ရှုတ်ချပြီး ဖြစ်ပွားဆဲ အကြမ်းဖက်မှုတွေကို ခိုင်ခိုင်မာမာ ဆန့်ကျင်ပါတယ်”ဟု ထုတ်ပြန်ချက်၌ မားကို့စ်က ပြောသည်။ 

သေဆုံးသူများ၏ မိသားစုများအတွက် စိတ်မကောင်းကြောင်း အစ္စရေး သံအမတ်ကြီး အီလန် ဖလက်စ်က ပြောဆိုသည်။ ထိုပ ြင် အစ္စရေးနိုင်ငံအတွင်း နေထိုင်နေကြသော ဖိလစ်ပိုင် အလုပ်သမားများကိုလည်း ကျေးဇူးတင်စကား ဆိုသည်။ 

“ကျွန်တော်အနေနဲ့ ကျန်ရစ်သူ မိသားစုတွေကို စိတ်မကောင်း ပြောလိုပါတယ်၊ ဒါအပြင်လည်း အစ္စရေးနဲ့အတူ နေထိုင်လျက် ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”ဟု ဖလက်စ်က ANC သတင်းဌာနနှင့် မေးမြန်းခန်းတွင် ပြောဆိုသည်။ 

“အခုလို အရေးပေါ် ကာလမျိုးမှာတောင် ဖိလစ်ပိုင်နိုင်ငံသားတွေကို သူတို့ကို ကယ်ထုတ်ဖို့ အစ္စရေးဆီ တောင်းဆိုကြတာမျိုး မရှိဘူး”ဟု ၎င်းက ပြောသည်။ 

ဟားမတ်စ်စစ်သွေးကြွများသည် “အစ္စရေးတို့ကို သတ်ဖြတ်ရန်” အစ္စရေး တောင်ပိုင်း အများစုသို့ ဝင်ရောက်နေဆဲ ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုပြီး စစ်ဖြစ်နေခြင်းသာ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။ 

ဟားမတ်စ်တို့၏ အရပ်သားများကို “လူသားဒိုင်း” များအဖြစ် အသုံးချခြင်းများအတွက်လည်း ၎င်းက ပြစ်တင်ပြောဆိုသည်။ 

“ဂါဇာရဲ့ နယ်စပ်မှာ ဗုံးတွေ ကြဲနေတယ်၊ ဟားမတ်စ်တွေဟာ လူပေါင်း ၁၅၀ ကျော်လောက်ကို ဖမ်းဆီးထားတယ်၊ ဆွေးနွေးပြောဆိုတာမျိုးလည်း ရှိမနေဘူး၊ အစ္စရေးနိုင်ငံကနေ လူတွေကို ဓားစာခံ ဖမ်းဆီးထားတာ ဖြစ်တယ်၊ လူသားချင်း စာနာထောက်ထားတဲ့ အရိပ်အယောင်လည်း မရှိဘူး”ဟု ၎င်းက ဆိုသည်။ 

အစ္စရေးနိုင်ငံက အခြေအနေနှင့် ပတ်သက်ကာ သမ္မတ မားကို့စ်က ဖလက်စ်နှင့် တွေ့ဆုံခဲ့ကြောင်း သမ္မတ ဆက်သွယ်ရေးရုံး PCO က ထုတ်ပြန်သည်။ 

အခြေအနေ မသိရသော ဖိလစ်ပိုင်နိုင်ငံသား သုံးဦးအတွက် စိုးရိမ်ပူပန်ကြောင်း မားကို့စ်က ဖော်ပြခဲ့သည်ဟု PCO က ဆိုသည်။ လက်နက်ကို်င ပဋိပက္ခကြောင့် နောက်ထပ် သုံးဦးမြောက် ဖိလစ်ပိုင်နိုင်ငံသား သေဆုံးဖွယ် ရှိသည်ဟု အစ္စရေးရှိ ဖိလစ်ပိုင်သံရုံးကလည်း ပြောသည်။ ထို သေဆုံးသူ၏ DNA ရလဒ်ကို အာဏာပိုင်များက စောင့်ဆိုင်းလျက် ရှိသည်။ 

“မိမိတို့ နိုင်ငံသားများ ဘေးကင်းရေးကို သေချာရန် အားလုံးကို လုပ်ဆောင်ပေးလျက် ရှိသည်ဟု သမ္မတကို သံအမတ်ကြီးက အာမခံကြောင်း” PCO ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

အစ္စရေးတွင် ဖိလစ်ပိုင်နိုင်ငံသား ၃၀,၀၀၀ ခန့် ရှိပြီး ဂါဇာကမ်းမြောင်၌ ၁၃၇ ဦး ရှိထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly