အစ္စရေးတွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများ နေရပ်ပြန်လိုကြ

အစ္စရေးတွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများ နေရပ်ပြန်လိုကြ
Photo -Bangkok Post 

ဟားမတ်စ်၏ တိုက်ခိုက်မှုများအတွင်း သေဆုံးရဖွယ်ရှိသော ထိုင်းနိုင်ငံသားဦးရေသည် ၁၂ ဦးလောက် ရှိနိုင်သည်ဟု အစ္စရေးအလုပ်ရှင်များထံမှ အတည်မပြုနိုင်သည့် ကောက်ယူချက် ရှိထားရာ အစ္စရေး၌ အလုပ်လုပ်ကိုင်နေကြသော ထိုင်းနိုင်ငံသား ၁,၄၀၀ ဝန်းကျင်သည် ထိုင်းနိုင်ငံသို့ နေရပ်ပြန်လိုကြသည်ကို လက်ရှိအထိ ဖော်ပြထားကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။ 

ထိုင်းနိုင်ငံသား ၁၅ ဦးပါ ပထမအုပ်စုသည် ဗုဒ္ဓဟူးနေ့၌ အစ္စရေးမှ ထွက်ခွာဖြစ်ကြရန် မျှော်လင့်ရပြီး စုစုပေါင်း ၁,၄၃၇ ဦးက နေရပ်ပြန်လိုက်သည့် ဆန္ဒရှိကြောင်းကို ပြောဆိုထားကြသည်။ 

ရွှေ့ပြောင်းပေးမည့် ပထမအုပ်စုသည် ဘေးအန္တရာယ် မြင့်မားသော ဇုန်များမှ ကယ်ထုတ်ခဲ့သည့် ထိခိုက်ဒဏ်ရာ ရသူများ ဖြစ်လိမ့်မည်ဟု အစ္စရေးနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် တွေ့ဆုံပြီးနောက် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျက်ကာပေါင် ဆန်းမာနီးက နေ့လယ်ပိုင်း၌ နောက်ဆုံး သတင်းထုတ်ပြန်သည်။ 

အဆိုပါ ရွှေ့ပြောင်းပို့ဆောင်မည့် ပထမအုပ်စုကို ခရီးသွားရန်အတွက် ပြင်ဆင်ထားစေပြီး ဗုဒ္ဓဟူးနေ့တွင် ထွက်ခွာဖြစ်ရန် ရှိကာ ထိုင်းနိုင်ငံသို့ ကြာသပတေးနေ့တွင် ရောက်ရှိလိမ့်မည်ဟု အစ္စရေးရှိ ထိုင်းသံရုံးကို ကိုးကားပြီး ၎င်းက ပြောသည်။ 

ဒဏ်ရာရသူ ထိုင်းနိုင်ငံသား အရေအတွက်က ရှစ်ဦးမှ ကိုးဦးသို့ မြင့်တက်ပြီး ဟားမတ်စ်တို့၏ ဖမ်းဆီးသွားခံရသည့် ထိုင်းအရေအတွက်မှာ ၁၁ ဦး ရှိသည်ဟု ၎င်းက ဆိုသည်။ 

ထို ဖမ်းဆီးခံရသူများ ဘေးကင်းရေးနှင့် ပြန်လွှတ်ရေးအတွက် ထိုင်းအာဏာပိုင်များသည် နိုင်ငံအချို့နှင့်အတူ ဆက်သွယ်ဆောင်ရွက်နေပြီး ရလဒ်ကြောင်း ရှိနေသည်ဟု ၎င်းက ပြောသည်။ အစ္စရေးရောက် ထိုင်းကျောင်းသားကျောင်းသူ ၈၀ မှာ ဘေးကင်းသည်ဟု အတည်ပြုနိုင်ကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။ 

သေဆုံးသူ ထိုင်းဦးရေကို နှစ်ဦးမှ ၁၂ ဦးအထိ တိုးမြှင့်ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ အစောပိုင်း အစီရင်ခံစာတွင် ထို သေဆုံးနှုန်းကို အစ္စရေးရှိ ထိုင်းသံရုံးက အတည်မပြုထားဟု ဂျက်ကာပေါင်က ပြောသည်။ 

အစ္စရေးက တိုက်ပွဲများအတွင်း ထိုင်း ၁၂ ဦး သေဆုံးပြီး ထိုအရေအတွက်မှာလည်း ၎င်းတို့၏ အလုပ်ရှင်များထံမှ စုယူထားခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးက မနက်ပိုင်းတွင် ပြောသည်။ 

သို့ရာတွင် အခြေအနေကြောင့် အခက်အခဲတော့ ရှိနေသည့် သေဆုံးသူဦးရေ အတည်ပြုနိုင်ရေးကို ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဟု ၎င်း အမျိုးသမီးက ဆိုသည်။ ယခု နှုန်းထားကို အစ္စရေးအာဏာပိုင်များကလည်း အတည်မပြုထားသေးကြောင်း ၎င်းက မှတ်ချက်ပြု ပြောဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly