တောမီးများ ငြှိမ်းသတ်ရာတွင် ကူညီကိုင်တွယ်ဆောင်ရွက်ရန် စစ်တပ်ကို အင်ဒိုနီးရှားသမ္မတ ညွှန်ကြား

By The Straits Times
09 October 2023
တောမီးများ ငြှိမ်းသတ်ရာတွင် ကူညီကိုင်တွယ်ဆောင်ရွက်ရန် စစ်တပ်ကို အင်ဒိုနီးရှားသမ္မတ ညွှန်ကြား
Photo - AFP (ဆူမားတြားတောင်ပိုင်းရှိ သူမ၏အိမ်အနီးတွင် မီးငြှိမ်းသတ်ရန် ကြိုးစားနေစဉ် မောင်ဖြစ်သူကို သယ်ဆောင်လာသည့် မိန်းကလေးတစ်ဦး၊)

အင်ဒိုနီးရှားတွင် လောင်ကျွမ်းနေသော တောမီးများကို ငြှိမ်းသတ်နိုင်ရေး ကိုင်တွယ်ဆောင်ရွက်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောသည်။ ဤမတိုင်မီက အင်ဒိုနီးရှားတောမီးများမှ ထွက်လာသည့် မီးခိုးမြူများကြောင့် မိမိတို့နိုင်ငံများတွင် ကျန်းမာရေးထိခိုက်စေသော လေထုညစ်ညမ်းမှုတို့ ဖြစ်ပေါ်နေသည် ဆိုပြီး အိမ်နီးချင်းနိုင်ငံများက စောဒကတက် ပြောဆိုထားကြသည်။

“မီးလောင်တဲ့အခါမှာ မီးခိုးတွေ ထွက်ပါလိမ့်မယ်။ လေတိုက်တော့ အဲဒီမီးခိုးတွေက ဘယ်နေရာမဆို ရောက်သွားနိုင်တယ်” မစ္စတာ ဝီဒိုဒိုက အောက်တိုဘာ ၇ ရက်တွင် ဂျကာတာ၌ သတင်းထောက်များကို ပြောသည်။

“အရွယ်အစား သေးသေးကြီးကြီး၊ တောမီးလောင်နေတဲ့ နေရာတိုင်းကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ စစ်တပ်အကြီးအကဲနဲ့ ရဲတပ်ဖွဲ့တို့ကို ကျွန်တော် ညွှန်ကြားထားတယ်”

အင်ဒိုနီးရှား တောမီးများမှ အသက်ရှုကျပ်စေသည့် မီးခိုးမြူများ လွင့်ပါ ပျံ့နှံ့ရောက်ရှိမှုနှင့်ပတ်သက်ပြီး စင်္ကာပူနှင့် မလေးရှားတို့က စောဒကတက်ပြောဆိုထားသည်။

ကျွန်း၏ အရှေ့ပိုင်းနှင့် အလယ်ဗဟိုတွင် စင်္ကာပူ၏ ၂၄ နာရီ PSI လေထုညစ်ညမ်းမှု အတိုင်းအတာ ပမာဏက အောက်တိုဘာ ၇ ရက်တွင် ၁၀၀ အထက် မြင့်တက်ခဲ့ရာ ယင်းသည် “ကျန်းမာရေး ထိခိုက်စေသော” လယ်ဗယ်တခုဖြစ်ကြောင်း အမျိုးသား သဘာဝပတ်ဝန်းကျင်အေဂျင်စီ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။

ယင်းသည် အောက်တိုဘာ ၈ ရက်တွင် ၁၀၀ အောက် ကျသွားခဲ့သည်။

အလားတူ ကျွန်းဆွယ် မလေးရှားရှိ ဧရိယာ ၁၃ ခုတွင် အောက်တိုဘာ ၈ ရက်က ကျန်းမာရေးကို ထိခိုက်စေသော လေထုအရည်အသွေးလယ်ဗယ်များကို မှတ်တမ်းတင်တွေ့ရှိခဲ့ပြီး မယ်လာကာပြည်နယ်နှင့် ဂျိုဟိုးပြည်နယ်ရှိ ဘာတူ ပါဟတ်မြို့တို့တွင် အမြင့်ဆုံး ပမာဏ ၁၆၃ တို့ ရှိခဲ့ကြောင်း မလေးရှား၏ လေထုညစ်ညမ်းမှု အညွှန်းကိန်း ဝက်ဘ်ဆိုဒ်အရ သိရသည်။

အရှေ့တောင်အာရှတွင် မီးခိုးမြူများသည် ထပ်တလဲလဲ ပေါ်ပေါက်သော ပြဿနာတခုဖြစ်နေပြီး ခရီးသွားလုပ်ငန်းအပေါ် အနှောင့်အယှက်ဖြစ်စေသလို ပြင်းထန်သည့် အသက်ရှုမှုဆိုင်ရာ နာမကျန်းမှုတို့ကို ဖြစ်စေကာ သက်ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးတွင် ဒေါ်လာဘီလီယံချီ ထိခိုက်မှုတို့ကို ဖြစ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly