ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူ မမိုးမြင့်၏ မိသားစုက နစ်နာကြေး ဘတ် ၆ ဒသမ ၂ သန်း ရရှိမည်

ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူ မမိုးမြင့်၏ မိသားစုက နစ်နာကြေး ဘတ် ၆ ဒသမ ၂ သန်း ရရှိမည်
Photo - Google

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ် သေနတ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား မမိုးမြင့်၏ မိသားစုအနေဖြင့် နစ်နာကြေးအဖြစ် ဘတ် ၆ ဒသမ ၂ သန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

မမိုးမြင့်အတွက် အဆိုပါ နစ်နာကြေးထဲတွင် ရှော့ပင်းမောလ် လုပ်ငန်းစုမှ ပေးအပ်မည့် ဘတ်ငွေ ၅ သန်း (မြန်မာကျပ်ငွေ သိန်း ၅,၀၀၀ ခန့်) လည်း ပါဝင်မည် ဖြစ်သည်။

“အောက်တိုဘာ ၃ ရက်က ဖြစ်သွားတဲ့ ထင်မှတ်မထားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးရသူတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေရဲ့ မိသားစုတွေကို အလေးအနက် ဝမ်းနည်းစကား ဆိုချင်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မိမိတို့အနေနဲ့ သေဆုံးသူနှစ်ဦးရဲ့ မိသားစုတွေကို ဘတ် ၅ သန်းစီ နဲ့ ဒဏ်ရာရသူ ငါးဦးရဲ့ မိသားစုတွေကို ဘတ် ၃ သိန်းစီ ထောက်ပံ့ကူညီပေးသွားပါမယ်။ မိမိတို့ရဲ့ ထောက်ပံ့ကူညီမှု ငွေကြေးတွေကို အစိုးရရဲ့ အကူအညီပေးမှုထဲမှာ ထည့်ပေါင်းပေးသွားပါမယ်” ဟု ဆီယမ် ပါရာဂွန် ရှော့ပင်းမော်လ် လုပ်ငန်းစုက ဆိုရှယ်မီဒီယာမှတဆင့် ထုတ်ပြန်သည်။

မမိုးမြင့်သည် ဆီယမ် ပါရာဂွန်ရှိ Toys Co.Ltd ၌ လုပ်ကိုင်သည့် အသက် ၃၁ နှစ်ရှိ မြန်မာလုပ်သားတဦး ဖြစ်ပြီး အောက်တိုဘာ ၃ ရက်က ရှော့ပင်းမော်လ်ရှိ ဘန်ကောက်ဘဏ်ခွဲသို့ လုပ်ငန်းကိစ္စဖြင့် ရောက်ရှိချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးရခြင်း ဖြစ်သည်။

“ကျွန်မအဒေါ်ရဲ့ အမေနဲ့ ဆွေမျိုးတွေကတော့ နာရေးအတွက် ဘန်ကောက်ကို ရောက်ပါပြီ။ ဆီယမ် ပါရာဂွန်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ကတော့ ကျွန်မ ခုထိ မသိသေးပါဘူး” ဟု ထိုင်းနိုင်ငံတွင် နေထိုင်သည့် မမိုးမြင့်၏ တူမတော်စပ်သူက မဇ္ဈိမကို ပြောသည်။

မမိုးမြင့်သည် လုပ်ဖော်ကိုင်ဖက်များအကြား လူချစ်လူခင် ပေါသူဖြစ်သလို ထိုင်း၊ မြန်မာ၊ မန်ဒရင်းနှင့် အင်္ဂလိပ် အပါအဝင် ဘာသာစကားအများအပြားလည်း ပြောဆိုနိုင်သူဖြစ်ကြောင်း သိရသည်။

သူမ၏ ဈာပန အခမ်းအနားများကို အောက်တိုဘာ ၄ ရက်မှ ၈ ရက်အထိ နွန်သာဘူရီ၊ ပက်ခ် ကရက်မြို့ရှိ Phasukmanijak ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ပြီး မီးသင်္ဂြိုလ်မှုကို အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။

အသက် ၁၄ နှစ်ရှိ သေနတ်သမား၏ ဖခင်ဖြစ်သူလည်း အောက်တိုဘာ ၆ ရက်က ဈာပနပွဲသို့ လာရောက်ခဲ့သည်ဟု Khaosod English မီဒီယာအရ သိရသည်။

ဈာပနပွဲတက်ရန် မမိုးမြင့်၏ မိခင်နှင့် ဆွေမျိုးမိသားစုများ မြန်မာနိုင်ငံမှ ထိုင်းသို့ လာရောက်စေရန် ထိုင်းအစိုးရက ပံ့ပိုးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

သူမ၏ အလုပ်ရှင်ကလည်း အမှု၏ ဥပဒေရေးရာ ကိစ္စများအတွက် လုပ်ဆောင်နေသလို ကုမ္ပဏီအနေဖြင့် မမိုးမြင့်၏ ကျန်ရစ်သူ မိသားစုအတွက် တလလျင် ဘတ် ၁၀,၀၀၀ (မြန်မာငွေ ၁၀ သိန်းခန့်) ထောက်ပံ့ပေးမည်ဟု ကတိပြုထားကြောင်း မမိုးမြင့်၏ တူတော်စပ်သူ ကိုအောင်မင်းက ပြောသည်။

ဖြစ်စဉ်တွင် အသက် ၁၄ နှစ်ရှိ သေနတ်သမားကို ဖမ်းဆီးထားသလို ၎င်းအား ပစ္စတိုသေနတ်နှင့် ကျည် ရောင်းချပေးမှု သံသယဖြင့် ထိုင်းတောင်ပိုင်းမှ အမျိုးသားသုံးဦးကိုလည်း အောက်တိုဘာ ၅ ရက်က ဖမ်းဆီးထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly