ဆွီဒင်သို့ ဆုသွားယူရန် ခရီးသွားလာခွင့် ပိတ်ပင်ခံရမှုအပေါ် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်

ဆွီဒင်သို့ ဆုသွားယူရန် ခရီးသွားလာခွင့် ပိတ်ပင်ခံရမှုအပေါ် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူများ ဆန္ဒထုတ်ဖော်
Photo - AFP

ဆွီဒင်၌ ဂုဏ်သတင်းကြီးမားသော ဆုတဆုကို တက်ရောက်ရယူနိုင်ခြင်း မရှိစေရန် ခရီးသွားလာခွင့် ပိတ်ပင်ခံရမှုအပေါ် ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ကမ္ဘောဒီးယား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး တက်ကြွလှုပ်ရှားသူ သုံးဦးက ၎င်းတို့၏ လက်နှင့် ခြေထောက်တို့တွင် သံကြိုးများခတ်လျက်ဖြင့် အောက်တိုဘာ ၆ ရက်က ဖနွမ်းပင်မြို့၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကမ္ဘောဒီးယား သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Mother Nature Cambodia ၏ တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် အသက် ၃၁ နှစ်ရှိ သွန် ရတ်သာ၊ အသက် ၂၅ နှစ်ရှိ လောင် ကွန်သီယာနှင့် အသက် ၂၂ နှစ်ရှိ ဖွန် ကီယိုရက်ခ်စမေး တို့ သုံးဦးသည် ၎င်းတို့ ရရှိသည့် Right Livelihood Foundation ဆုကို သွားရောက်ရယူရန် စတော့ဟုမ်းသို့ ခရီးသွားလာခွင့် တောင်းဆိုခဲ့သော်လည်း အောက်တိုဘာ ၂ ရက်က ဖနွမ်းပင် တရားရုံးတခု၏ ပယ်ချခြင်းကို ခံခဲ့ရသည်။

အိမ်ခြံမြေဖော်ဆောင်မှုများအတွက် မြေနေရာ ဖော်ယူရန် မြို့တော်ရှိ ကန်တကန် မြေဖို့ခံရခြင်းအပေါ် ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှုတခုကို စီစဉ်မှုအတွက် တရားရုံးတခုက ၂၀၂၁ မေလတွင် အဆိုပါ တက်ကြွလှုပ်ရှားသူ သုံးဦးကို ထောင်ဒဏ် ၁၈ လမှ ၂၀ လအကြား ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

ယင်းနောက် ၎င်းတို့သည် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ပြန်လွတ်ခဲ့ပြီး တင်းကျပ်သည့် တရားရေးဆိုင်ရာ စောင့်ကြည့်ခြင်းကို ခံခဲ့ရပြီး နိုင်ငံပြင်ပသို့ ထွက်ခွာခြင်းမှ တားမြစ်ခံခဲ့ရသည်။

တက်ကြွလှုပ်ရှားသူများက သောကြာနေ့တွင် မိုးထဲရေထဲ ဖိနပ်မပါ ခြေဗလာဖြင့် လမ်းလျှောက်ခဲ့ကြပြီး ၎င်းတို့အပေါ် ခရီးသွားလာခွင့် ပိတ်ပင်ချက် ပြန်ပယ်ဖျက်ပေးရေး အာဏာပိုင်တို့ကို တိုက်တွန်းခဲ့သည်။

“ကျေးဇူးပြု၍ ဆွီဒင်ကို သွားခွင့်ပေးပါ။ ကျွန်မတို့ရတဲ့ ဆုကို သွားယူဖို့ လိုပါတယ်” ဟု ဖွန် ကီယိုရက်ခ်စမေးက ပြောသည်။

“ကမ္ဘောဒီးယားပြည်သူတွေက ကျွန်မတို့ကို ထောက်ခံကြတယ်”

အရပ်ဖက် လူမှုအဖွဲ့အစည်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုများအပေါ် အစိုးရဘက်က ဖြိုခွင်းနှိမ်နင်းမှုူများ တိုးမြှင့်လုပ်ဆောင်ခြင်းကို ရင်ဆိုင်နေရချိန်တွင်တောင်မှ သဘာဝပတ်ဝန်းကျင်နှင့် အသက်မွေးဝမ်းကျောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ဒေသခံအစုအဖွဲ့များနှင့် ရှေ့တန်းတွင် ဦးဆောင်လုပ်ကိုင်မှုအတွက် Mother Nature Cambodia အဖွဲ့ကို Right Livelihood ဖောင်ဒေးရှင်းက ချီးကျူးစကားဆိုသည်။

နိုဝင်ဘာလကုန် ဆုပေးပွဲအခမ်းအနား၌ ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူ သုံးဦး တက်ရောက်နိုင်ခြင်း မရှိမည့်အပေါ် ဝမ်းနည်းမိကြောင်း စတော့ဟုမ်းအခြေစိုက်အဖွဲ့အစည်းက ပြောသည်။ သို့သော် ၎င်းတို့၏ ရဲရင့်မှုကို ချီးကျူးသွားခဲ့သည်။

အဖွဲ့အစည်းအပေါ် ထောက်ခံသူများကို ဆက်လက် ခြိမ်းခြောက်ခြင်း၊ တရားရေးအရ အနှောင့်အယှက်ပေးခြင်းနှင့် စောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့် ကမ္ဘောဒီးယားအစိုးရအပေါ် ဖောင်ဒေးရှင်းက ဝေဖန်သည်။

“သူတို့ရဲ့ လုပ်ဆောင်ချက်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားမှုအကြား ဆက်နွယ်ပတ်သက်သူရဲ့ အားကောင်းတဲ့ သတိပေးချက်အဖြစ် ရှိနေတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

ကမ္ဘောဒီးယား အာဏာပိုင်များသည် ပြီးခဲ့သည့် နှစ်များအတွင်းက Mother Nature Cambodia တက်ကြွလှုပ်ရှားသူများ၏ ကြိုးပမ်းမှုများကို ပိတ်ပင်ရန် ကြိုးပမ်းထားခဲ့ပြီး အဖွဲ့ဝင်တချို့ကို ပြစ်မှုဆိုင်ရာ စွဲချက်များဖြင့် စွဲဆိုခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly