ဟားမတ်စ်က ရုတ်တရက် တိုက်ခိုက်၍ အစ္စရေးက ဂါဇာကို ပြန်လည်တိုက်ခိုက်ပြီး တိုက်ပွဲများ ပြင်းထန်နေ

ဟားမတ်စ်က ရုတ်တရက် တိုက်ခိုက်၍ အစ္စရေးက ဂါဇာကို ပြန်လည်တိုက်ခိုက်ပြီး တိုက်ပွဲများ ပြင်းထန်နေ
Photo - AFP

ပါလက်စတိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်အဖွဲ့၏ ရုတ်တရက် အကြီးအကျယ် တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၇ ရက်က အစ္စရေးဘက်တွင် လူ ၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်အဖွဲ့၏ ပုန်းခိုရာနေရာများကို ပြိုပျက်အောင် ချေမှုန်းသွားမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောသည်။

ဆယ်စုနှစ်များအတွင်း ပဋိပက္ခ၏ သွေးထွက်သံယိုမှုအများဆုံး အရှိန်မြင့်တက်မှုအတွင်း ဟားမတ်စ်အဖွဲ့ဘက်က ဒုံးကျည်များဖြင့် တရစပ် ပစ်ခတ်ခဲ့သလို မြေပြင်၊ ဝေဟင်နှင့် ပင်လယ်ရေကြောင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ဂါဇာကမ်းမြှောင်ကို အစ္စရေးဘက်က အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပါလက်စတိုင်းဘက်က လူ ၂၃၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁,၇၀၀ နီးပါး ရှိနေကြောင်း ဂါဇာတာဝန်ရှိသူများက ပြောသည်။

သေနတ်သမားများက ဓားစာခံဖမ်းထားသည့် နေရာနှစ်ခုထက်မနည်း အပါအဝင် အနည်းဆုံး အစ္စရေး၏ နေရာ ၂၀ ခန့်တွင် အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဟားမတ်စ် တိုက်ခိုက်ရေးသမား ရာနှင့်ချီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများက ညပိုင်းအထိ အရှိန်မြင့်တက်နေခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

“အကြမ်းဖက်သမားတွေက လူနေအိမ်တွေထဲ ရမ်းကားချိုးဖျက်ဝင်ရောက်ပြီး အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်သွားတယ်” ဟု အစ္စရေးစစ်တပ်က ပြောသည်။ ကျရောက်လာသည့် ရော့ကတ် ၃,၀၀၀ ကျော်ကြောင့် သို့မဟုတ် သေနတ်ဒဏ်ရာများကြောင့် အစ္စရေးတွင် လူ ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရကြောင်းလည်း ယင်းက ပြောသည်။

၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲပေါ်ပေါက်ပြီးနောက် ရာစုနှစ်ဝက်အကြာ ဟားမတ်စ်တို့က အရုဏ်တက်ချိန်တွင် ဘက်ပေါင်းစုံမှ ရုတ်တရက် တိုက်ခိုက်မှုများ ဖြစ်ပေါ်ပြီးနောက်တွင် “ကျွန်တော်တို့ စစ်ဖြစ်နေပြီ” ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာ ၇ ရက် မနက်ပိုင်းက နိုင်ငံကို မိန့်ခွန်းပြောရာတွင် ပြောသည်။

“ဂါဇာမှာ ရှိတဲ့ပြည်သူတွေကို အဲဒီကနေ ခုချက်ချင်း ထွက်ခွာကြဖို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့အားလုံးနဲ့ နေရာတိုင်းမှာ အရေးယူဆောင်ရွက်သွားတော့မှာကြောင့်ပါ” ဟု အစ္စရေးဝန်ကြီးချုပ်က ပြောသည်။ “အစ္စရေးနိုင်ငံနဲ့ ပြည်သူတွေအပေါ် ဟားမတ်စ်တို့ကြောင့် ဖြစ်စေတဲ့ ဒီလို စိတ်မကောင်းစရာ နေ့မှာ ကျွန်တော်တို့ဘက်က သူတို့အပေါ် ခါးခါးသီးသီးနဲ့ ပြန်လက်စားချေ တိုက်ခိုက်သွားပါမယ်”

“ဟားမတ်စ်တို့ အခြေစိုက်တဲ့ နေရာတိုင်းကို၊ ဟားမတ်စ်တို့ ပုန်းခိုနေတဲ့ နေရာအားလုံးကို အရေးယူချေမှုန်းသွားပါမယ်။ အဲဒီနေရာတွေကို ပြိုပျက်သွားအောင် ကျွန်တော်တို့ ချေမှုန်းပါမယ်” ဟု ၎င်းက သတိပေးသည်။

“ဒီနေ့မှာ ဖြစ်ပျက်သွားတာက အစ္စရေးမှာ မကြုံစဖူးအောင်ပါပဲ။ ဒါမျိုး နောက်တကြိမ် ထပ်မဖြစ်တော့မှာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်”

ကုလသမဂ္ဂ လုံခြုုံရေးကောင်စီက အောက်တိုဘာ ၈ ရက်တွင် အရေးပေါ် အစည်းအဝေးတရပ် ပြုလုပ်မည်ဟု ခေါ်ယူခဲ့သလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ၎င်းတို့၏ မဟာမိတ် အစ္စရေးအပေါ် အခိုင်အမာ ထောက်ခံကြောင်း ပြောကြားပြီး အစ္စရေးအပေါ် ရန်လိုသည့် အခြားသက်ဆိုင်သူများအနေဖြင့် လက်ရှိအခြေအနေအပေါ် အခွင့်ကောင်းယူဖို့ မကြိုးစားရန် သတိပေးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly