ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်

ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့် ချိုးဖောက်မှု အဆိုးဆုံးဖြစ်

ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေတဲ့ ဒုတိယအဆိုးဝါးဆုံးနိုင်ငံတစ်ခုဖြစ်လာတယ်လို့ အမေရိ ကန် Freedom House အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံ စာအရ သိရပါတယ်။

မြန်မာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာပါ။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။

Freedom House အဖွဲ့ကြီးက နိုင်ငံပေါင်း ၇ဝ ကို မှတ်တမ်းပြုစုထားတာဖြစ်ပြီး အဲဒီအထဲမှာ ၅၅ နိုင်ငံက လူတွေဟာ အွန်လိုင်းပေါ်မှာ ထုတ်ဖော်ပြောဆိုမှုတွေကြောင့် ဥပဒေကြောင်း အရ ဖိနှိပ်အရေးယူခံနေရသလို ဒီအထဲက ၄၁ နိုင်ငံမှာတော့ အွန်လိုင်းပေါ်မှာ ကိုယ့်ထင်မြင်ချက်တွေ အယူအဆတွေ ပြောဆိုမှတ်ချက်ပေး ရေးသားတာတွေကြောင့် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရတာနဲ့ သတ်ဖြတ်ခံရတာတွေအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်တာနက်အွန်လိုင်းမှာ ရေးသား ပြောဆိုချက်တွေနဲ့ ဆက်နွှယ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့အာဏာရှိသူတွေက သေဒဏ်ပေး ကွပ်မျက်တာတွေတောင် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီအထဲမှာ ၂၀၂၂ ဇူလိုင်လက ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ထင်ရှားတဲ့နိုင်ငံရေးလှုပ်ရှားသူတွေကို လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားဟောပြောမှုတွေကြောင့် ဖမ်းဆီးခဲ့တာ၊ သေဒဏ်ပေးခဲ့တာကိုလည်း အဆိုးဝါးဆုံး လုပ်ရပ်တစ်ခုအနေနဲ့ ဖော်ပြထားတယ်။

အင်တာနက်လွတ်လပ်ခွင့်ကျဆင်းလာတာတွေကို Freedom House က ထောက်ပြရာမှာ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှု ၊ အာဏာဖီဆန်မှုတွေကို ဖိနှိပ်ဖို့စစ်တပ်က အင်တာနက်ပိတ်ပင်တာ ၊ ဆက်သွယ်ရေးကုမ္ပဏီတွေကို တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တဲ့အချက်တွပါဝင် ပါတယ်။

ဒါအပြင် အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်ပုံတင်ဖို့အတင်းအကြပ်ဖိအားပေးတာ ၊ ကြားဖြတ်ထောက်လှမ်းခိုင်းတာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဆက်သွယ်ရေးကုမ္ပဏီတွေအပေါ် ဖိအားပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့်ပဲ တယ်လီနောနဲ့ အော်ရီဒူးလို့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေထံ လက်လွှဲရောင်းချခဲ့ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ရတယ်လို့လည်း Freedom House က ဆိုပါတယ်။

အင်တာနက်ကိုထိန်းချုပ်တဲ့အပြင် အင်တာနက်ပေါ်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပြုလုပ်သူတွေ ၊ ဝေဖန်မှု ပြုလုပ်သူတွေကို လည်း စစ်ကောင်စီဟာ နှစ်ရှည်ထောင်ဒဏ်ချတာတွေရှိခဲ့တယ်လို့ Freedom House က အစီရင်ခံစာမှာ ထည့်ပြောထားပါတယ်။

ဖော်ပြထားတဲ့ကာလမှာ စစ်ကောင်စီဟာ ကချင်၊ ကယား၊ ချင်း၊ ရခိုင်ပြည်နယ်တွေအပြင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းက မြို့နယ်အတော်များများကို အင်တာနက်ဖြတ်တောက်တာ ဒါမှမဟုတ် အင်တာနက်မြန်နှုန်းလျှော့ချထားတာနဲ့ တယ်လီဖုန်းလိုင်းကိုပါ ဖြတ်တောက် ထားတာတွေကိုလည်း လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ဒီအစီအရင်ခံစာဟာ ၂ဝ၂၂ ခုနှစ် ဇွန်လကနေ ၂ဝ၂၃ ခုနှစ် မေလအထိ တစ်နှစ်တာကာလ ကို လေ့လာပြုစုထားတဲ့ အစီအရင်ခံစာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ တရုတ်နိုင်ငံကတော့ ကမ္ဘာတလွှား အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဖြစ် အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး၊ အီရန်ကတော့ တတိယအဆင့်မှာ ရှိပါတယ်။

ဉာဏ်ရည်တုနည်းပညာ (AI) အသုံးချပြီး အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုတွေ တိုးလာနေတာကိုလည်း သတိပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly