စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးခဲ့ရ

စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅၀၀ခန့်အသက်ဆုံးရှုံးခဲ့ရ

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကာလတစ်လျှောက်လုံး ကလေးငယ် ၄၉၁ ဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း ဦးအောင်မျိုးမင်းက အောက်တိုဘာလ ၄ ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုပြီးနောက် စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရန်သူကဲ့သို့ သတ်မှတ်ပြီး သတ်ဖြတ်ခြင်း များရှိကြောင်း၊ အဆိုပါ သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်ပြီး တရားစွဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း ၎င်းက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၁၁၉ ကျောင်းပျက်စီးခဲ့ရပြီး စက်တင်ဘာလ ၂၇ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်   စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာက စာသင်ကျောင်းမှ ဆရာမ တစ်ဦးနဲ့ ကလေး ၂၁ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ၊ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေ ကြောင်း အသုံးပြုတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှု ၂၃၅၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအား အရေးယူနိုင်မယ့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနဲ့ တစ်နိုင်ငံချင်းတရားစွဲဆိုအရေးယူရန်အတွက် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ NUG ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ရဲ့ လမ်းပြဘုံသဘောတူညီချက် ၅ ချက်၊   ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ စတာတွေကို စစ်ကောင်စီက လုံးဝ လေးစားလိုက်နာမှုမရှိတဲ့အပြင် ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းနဲ့  စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု ဥပဒေတွေနဲ့ စာချုပ်စာတမ်းတွေ  ၊စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်နေကြောင်း  NUG ကဆိုပါတယ်။

နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်အုပ်စုကို ပိုမိုထိရောက်တဲ့  စီးပွားရေးပိတ်ဆို့မှုများ၊ လေယာဉ်ဆီအပါအဝင် စစ်လက်နက်များတင်ပို့ရောင်းချမှုများအား ပိတ်ဆို့မှုတို့ပါဝင်တဲံ ဆုံးဖြတ်ချက်သစ်နဲ့ အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ အချိန်ကျရောက်နေပြီဖြစ်ကြောင်းကိုလည်း NUG ရဲ့ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အဆိုပါကျူးလွန်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူ၊ လက်ရောက်ကျူးလွန်သူ နဲ့ အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်တားပါတယ်။

စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးကို ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly