ဘင်္ဂလားဒေ့ရှ်တွင် စံချိန်တင် အဆိုးရွားဆုံး ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်အထိ ရှိလာ

ဘင်္ဂလားဒေ့ရှ်တွင် စံချိန်တင် အဆိုးရွားဆုံး ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်အထိ ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်စပိုင်းမှစပြီး စံချိန်တင် အဆိုးရွားဆုံး ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးရသူ ၁,၀၀၀ ကျော်အထိ ရှိနေကြောင်း တရားဝင်ကိန်းဂဏန်းများက ပြသသည်။

သွေးလွန်တုပ်ကွေးသည် အပူပိုင်းဒေသဧရိယာများတွင် ဖြစ်ပွားလေ့ ရှိသည့် ရောဂါတမျိုး ဖြစ်ပြီး ယင်းရောဂါကြောင့် အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းနှင့် ကြွက်သား နာကျင်မှုတို့ကို ဖြစ်စေပြီး အပြင်းထန်ဆုံး ဖြစ်ပွားမှုများတွင် လူ့အသက်သေစေသည်အထိ ဖြစ်စေနိုင်သည့် ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်းတို့အထိ ဖြစ်စေတတ်သည်။

သွေးလွန်တုပ်ကွေးအပြင် ချင်ကန်ဂူညာ၊ yellow fever နှင့် ဇီကာ ကဲ့သို့ ခြင်သယ်ဆောင်သည့် ဗိုင်းရပ်စ်များကြောင့် ဖြစ်စေသည့် အခြားရောဂါများသည် ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုမို မြန်ဆန်စွာနှင့် ပိုမို အလှမ်းဝေးစွာ ကူးစက်ပျံ့နှံ့လျက် ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတိပေးသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေ ကျန်းမာရေး ဦးစီးဌာနက အောက်တိုဘာ ၁ ရက်ညပိုင်းတွင် ထုတ်ပြန်သည့် အချက်အလက်ကိန်းဂဏန်းများအရ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားသူ ၂၀၀,၀၀၀ ကျော် ရှိပြီး ထိုရောဂါကြောင့် လူ ၁,၀၀၆ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း ပြောသည်။

ယခုနှစ်၏ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူဦးရေသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ယခင်နှစ်တိုင်း၏ စုစုပေါင်းဦးရေထက် ပိုများနေကြောင်း အေဂျင်စီ၏ ဒါရိုက်တာဟောင်း ဘီ နာဇီယာ အာမက်ဒ်က အေအက်ဖ်ပီကို ပြောသည်။

“ဒါက ဘင်္ဂလားဒေ့ရှ်မှာရော၊ တကမ္ဘာလုံးမှာပါ အင်မတန်ကြီးမားတဲ့ ကျန်းမာရေး ဖြစ်စဉ်ပါ” ဟု ၎င်းက ပြောသည်။

သေဆုံးသူများထဲတွင် နို့စို့အရွယ် ကလေးများအပါအဝင် အသက် ၁၅ နှစ်နှင့်အောက် ကလေးငယ် ၁၁၂ ဦးလည်း ပါကြောင်း သိရသည်။

ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက ခြင်များအတွက် ပေါက်ဖွားရာအခြေအနေများကို ဖြစ်စေခဲ့သည့် တနှစ်တာ မုတ်သုံရာသီအတွင်း ပုံမှန်မဟုတ်သည့် မိုးရေချိန်နှင့် ပူပြင်းသော အပူချိန်များနှင့် သက်ဆိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly