အငြင်းပွား ကျောက်တန်း၌ အတားအဆီးများကို ဖယ်ရှားသွားမည်ဟု ဖိလစ်ပိုင် ပြော 

အငြင်းပွား ကျောက်တန်း၌ အတားအဆီးများကို ဖယ်ရှားသွားမည်ဟု ဖိလစ်ပိုင် ပြော 

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ကျောက်တန်း၌ တရုတ်တို့ ထားရှိသော ရေပေါ်မျော အတားအဆီးများကို ဖယ်ရှားရန် “ဘာမဆို လုပ်သွားမည်”ဟု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က သောကြာနေ့တွင် စိတ်ပိုင်းဖြတ် ပြောဆိုသည်။ 

စကာဘော်ရောက် ပင်လယ်ရေတိမ်ပိုင်းကို ဝေဟင်မှ စစ်ဆေးကြည့်ရှုမှုတွင် မီတာ ၃၀၀ ရှိ အတားအဆီးများကို တွေ့ရပြီးနောက် ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုလာခြင်းပဲ ဖြစ်သည်။ အဆိုပါ အတားအဆီးများကြောင့် တရုတ်နှင့် ဖိလစ်ပိုင်ကြားတွင် သံတမန်ရေး အချင်းများလျက် ရှိသည်။ 

တရုတ်ထိန်းချုပ်သော ကျောက်တန်းပေါ် ပျံသန်းသည့် လေယာဉ်နှင့် လိုက်ပါသွားသော အေအက်ဖ်ပီသတင်းထောက်များက ပင်လယ်ရေတိမ်ပိုင်းရှိ အတားအဆီးများအား ဖယ်ရှားရှင်းလင်းထားသည်ကို မြင်တွေ့ခဲ့ရသည်။ 

အဆိုပါ ရေပေါ်မျော အတားအဆီးများကို ဖိလစ်ပိုင် တံငါသည်များအတွက် အစိုးရ၏ ပုံမှန်ထောက်ကူရေး မစ်ရှင်အတွင်း ပြီးခဲ့သည့် သီတင်းပတ်က ပင်လယ်ရေတိမ်ပိုင်း ဝင်ပေါက်တလျှောက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

သမ္မတ ဖာဒီနန် မားကို့စ်၏ အထူးအမိန့်အရ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် တပ်သားများက ကျောက်ဆူးဖြင့် ချိတ်ထားသည့် ကြိုးကို ဖြတ်တောက်ပြီးနောက် ရေပေါ်မျော အတားအဆီးများကို ရေမျောသွားအောင် ဖယ်ရှားခဲ့သည်။ 

“လာမယ့် လတွေမှာ အတားအဆီးတွေ ထပ်ထားလာရင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်အနေနဲ့ ဖယ်ရှားဖို့ ဘာမဆို လုပ်မှာ ဖြစ်တယ်”ဟု အနောက်ဖိလစ်ပိုင် ပင်လယ်ပြင် ကမ်းခြေစောင့်တပ် ပြောခွင့်ရသူ ဂျေး တာရီလာက သတင်းထောက်များအား ပြောသည်။  

ထို ဖြစ်ရပ်နှင့် ပတ်သက်ကာ ပထမဆုံး အများပြည်သူတို့ မှတ်ချက်ပြုပြောဆိုရာတွင် မားကို့စ်က သူ့အစိုးရအနေဖြင့် “ပြဿနာ ရှာနေခြင်း မဟုတ်ကြောင်း” သောကြာနေ့က ပြောဆိုသည်။ 

သို့ရာတွင် ဖိလစ်ပိုင်နိုင်ငံ၊ ဖိလစ်ပိုင်ရေပိုင်နက်နှင့် အဆိုပါ ပင်လယ်ရေတိမ်ပိုင်း၌ နှစ်ပေါင်းများစွာ ငါးဖမ်းလာကြသည့် မိမိတို့ ရေလုပ်သားများ၏ အခွင့်အရေးများကို ကာကွယ်သွားမည်ဖြစ်ကြောင်း အတိအလင်း ပြောဆိုသည်။ 

ယခု သီတင်းပတ်အစောပိုင်း၌ ဖြစ်ရပ်နှင့် ပတ်သက်ကာ “ပြဿနာ မရှာရန်” ဖိလစ်ပိုင်အား တရုတ်က သတိပေးလိုက်သဖြင့် နှစ်နိုင်ငံကြား စကားလုံးစစ်ပွဲ ဖြစ်ခဲ့ရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly