မြန်မာ့အကျပ်အတည်းကို ဒေသတွင်းပြသာနာအဆင့်သို့ မကူးစက်ရေး နိုင်ငံတကာ ကူညီဖို့ NLD တိုက်တွန်း

မြန်မာ့အကျပ်အတည်းကို ဒေသတွင်းပြသာနာအဆင့်သို့ မကူးစက်ရေး နိုင်ငံတကာ ကူညီဖို့ NLD တိုက်တွန်း

မြန်မာ့အကျပ်အတည်းကနေ ဒေသတွင်းပြဿနာအဆင့်ကိုမကူးစက်နိုင်ရေး မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးရန် NLD ပါတီရဲ့ ၃၅ နှစ်ပြည့် ထုတ်ပြန်ချက်မှာ တောင်းဆိုလိုက်ပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး စက်တင်ဘာလ ၂၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဟာ စက်တင်ဘာ ၂၇ ရက်မှာ ၃၅ နှစ် ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မြန်မာ့အကျပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ မရှိမဖြစ်အရေးပါတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်ဘေးဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီ များရရှိရေး၊ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများ အမြန်ဆုံ ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်  အားဖြည့်ကူညီပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေနဲ့လည်း မြန်မာပြည်သူများ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ လက်ထက်ကခန့်အပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်အသိအမှတ်ပြုပေးကြဖို့ NLD က ပန်ကြားထားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေးနဲ့ တော်လှန်ရေး အောင်မြင်စေရေးတို့ကို NLD ကဆောင်ရွက်နေကြောင်း NLD ဗဟိုအလုပ်မှုဆောင်ကော်မတီက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ကျင်းပဖို့ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲလိုပဲ အသိအမှတ်မပြုပဲ ဆန့်ကျင်ရပ်တည်သွားမှာဖြစ်တယ်လို့ NLD က ဆိုပါတယ်။

NLD ပါတီဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ တွေမှာ သောင်ပြိုကမ်းပြို လူထုထောက်ခံမှုရခဲ့သလို ခေတ်အဆက်ဆက်မှာ စစ်အစိုးရတွေရဲ့ ဖိနှိပ်မှုတွေကို ဒီနေ့အထိ ကြုံနေရတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံထားရတာပါ။

ဒါပေမဲ့ ပြည်သူရှိနေသရွေ့ ပါတီကဆက်လက်ရှိနေဦးမှာပဲလို့ NUG အစိုးရ ယာယီသမ္မတဒူဝါလရှီးလက အွန်လိုင်းစနစ်နဲ့ စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားမှာ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကာလအတွင်း လွှတ်တော်အမတ်တွေ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၉၁၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ NLD လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒီအထဲက ၁၂၆၉ ဦးမှာ ဆက်လက်ဖမ်းဆီးထိန်းထိမ်းခံထားရဆဲဖြစ်ပြီး  လွှတ်တော်အမတ် သုံးဦး ပါအဝင် စုစုပေါင်း ပါတီဝင် ၁၀၀ ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly