ရုရှား-မြန်မာ ဦးစီးတဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု စင်ကာပူနိုင်ငံ မတတ်ရောက်

ရုရှား-မြန်မာ ဦးစီးတဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု စင်ကာပူနိုင်ငံ မတတ်ရောက်

ရုရှားနဲ့ မြန်မာကာကွယ်ရေးဝန်ကြီးဌာနများ ပူးတွဲဦးဆောင်ကျင်းပတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ရက်နေ့က ရုရှားနိုင်ငံမှာ စတင်ကျင်းပခဲ့ပါတယ်။

ADMM-Plus လို့ အမည်ပေးထားတဲ့  အာဆီယံကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများ ပူးတွဲအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကာကွယ်ရေးအရာရှိများ၊ ဆွေးနွေးဖက် ၈ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှားနဲ့ တောင်ကိုရီးယားတို့မှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်လေ့ရှိပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အတွက် တရုတ်နဲ့ အိန္ဒိယကလွဲရင် အမေရိကန်၊ ဩစတေးလျ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ နယူးဇီလန်တို့က မနှစ်ကရော ဒီနှစ်မှာပါ အဆိုပါလေ့ကျင့်မှုကို မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။

အာဆီယံထဲက စင်္ကာပူနိုင်ငံကတော့ ဒီနှစ်လေ့ကျင့်မှုကို အာဏာသိမ်း မြန်မာစစ်တပ်က ရုရှားနဲ့အတူ ဦးဆောင်ပြုလုပ်တာမို့ မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေ ပါဝင်ဆင်နွှဲနေကြောင်း သိရပါတယ်။

နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ကနေ ၃၀ ရက်နေ့ထိ ရုရှားနိုင်ငံ ပရီမော့စကီး (Primorsky) ဒေသမှာ ပြုလုပ်နေပြီး အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက အထူးကျွမ်းကျင်စစ်သား ခုနစ်ရာခန့် ပါဝင်ဆင်နွှဲနေကြောင်း ရုရှားအစိုးရပိုင် Tass သတင်းဌာနက စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။

အဲဒီ စစ်သည် ခုနစ်ရာနဲ့အတူ တိုက်ခိုက်ရေး လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ မောင်းသူမပါတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာ ကားတွေလည်း ပါဝင်ပါတယ်။

ပြီခဲ့သည့် သြဂုတ်လဆန်းပိုင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံများနဲ့  ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ပါဝင်တဲ့  အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း စင်ကာပူနိုင်ငံက တက်ရောက်ခြင်းမရှိပါဘူး။

ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ စစ်ကောင်စီကို ထောက်ပြဝေဖန်လေ့ရှိတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအဝင် အာဆီယံနိုင်ငံအားလုံး ပါဝင်ဆင်နွှဲနေတာဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားထားပါတယ်။

စစ်ကောင်စီကို အာဆီယံရဲ့ ဘယ်လိုအစီအစဉ်မျိုးမှာမှ တက်ရောက်ခွင့်မပေးဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်လို့ ဆိုပါတယ်။

Justice for Myanmar အဖွဲ့ကလည်း ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေ အပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရေး စွမ်းရည်တွေ ပိုကောင်းအောင် လုပ်ပေးနေတာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို တက်ရောက်တဲ့ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများဖြစ်ပေါ်စေဖို့ ကူညီပေးနေခြင်းဖြစ်တယ်လို့ Justice For Myanmarအဖွဲ့ ကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly