ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းထဲ မြန်မာနိုင်ငံ ထိပ်ဆုံးကရပ်တည်နေ

ပဋိပက္ခဖြစ်ပွားမှု ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းထဲ မြန်မာနိုင်ငံ ထိပ်ဆုံးကရပ်တည်နေ

ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ပဋိပက္ခမီးတောက်လောင်နေတဲ့ ကမ္ဘာ့နိုင်ငံ ၅၀ စာရင်းကို ACLED က မကြာမီက ထုတ်ပြန်ခဲ့ရာ အဆိုပါ စာရင်းထဲမှာ မြန်မာနိုင်ငံက  အဆိုးရွားဆုံး နံပါတ် (၁) မှာရှိနေတယ်လို့ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဋိပက္ခ ဖြစ်ပွားမှု အဆင့်က ယူကရိန်းထက်ကျော်ပြီး နံပါတ် (၁) နေရာမှာ ရှိနေတာဖြစ်တယ်လို့ လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ ဖြစ်ရပ်တွေကို အချိန်နဲ့တပြေးညီ မှတ်တမ်းပြုစုနေတဲ့ အမေရိကန် အခြေစိုက် ACLED သုတေသန အဖွဲ့က ပြောကြားလိုက်တာပါ။

ဒီအချက်အလက်တွေက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာ လဝက်အထိ မှတ်တမ်းပြု တွက်ချက်ထားတာလည်းဖြစ်ပါတယ်။

Acled အဖွဲ့ဟာ သတင်းအစီရင်ခံစာတွေ၊ အရပ်သားအဖွဲ့အစည်းနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေ အပြင် ဒေသတွင်းနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးဆိုင်ရာ နောက်ဆုံးအခြေအနေ ထုတ်ပြန်ချက်တွေကို အခြေခံပြီး အချက်အလက် ကောက်ယူတာဖြစ်ပါတယ်။

အဆိုပါစာရင်းကို ပြီးခဲ့တဲ့နှစ်က ဖြစ်ပွါးခဲ့တဲ့  နိုင်ငံရေးအကြမ်းဖက်မှု ဆိုင်ရာ အဓိက အချက်အလက် အကြောင်းအရာ လေးခုအပေါ် အခြေခံပြီး စာရင်းထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

အကြောင်းအရာ လေးခုကတော့ အန္တရာယ်ကြီးမားမှု၊ အရပ်သားများအပေါ် ဘေးအန္တရာယ်ဖြစ်စေမှု၊ ပဋိပက္ခကြောင့် ပထဝီဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲမှုနဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းအရေအတွက် တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ  လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးနဲ့ အလွန့်အလွန်စိုးရိမ်စရာ အခြေအနေအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆီးရီးယားနဲ့ မူးယစ်ဒုစရိုက်မှု အများအပြားဖြစ်နေတဲ့ မက္ကဆီကိုနိုင်ငံတို့တောင် မြန်မာနိုင်ငံအောက်မှာရှိနေတာဖြစ်ပါတယ်။

မြန်မာပြီးရင်  ဆီးရီးယားက ဒုတိယနဲ့ မက္ကဆီကိုက တတိယနေရာမှာဖြစ်ပါတယ်။

ယူကရိန်း၊ နိုင်ဂျီးရီးယား၊ ဘရာဇီး၊ ယီမင်၊ အီရတ်၊ ကွန်ဂို နဲ့ ကိုလံဘီယာ တို့က အဆက့်(၄)မှ (၁၀) အတွင်း အလွန်စိုးရိမ်စရာ(extreme) အနေအထားတွင် ရှိပြီး ရုရှားက အကြောင်းအရာ လေးခုအနက် တစ်ခုဖြစ်သော မတည်ငြိမ်မှု ( turbulence)မှာ  အဆင့် ၃၉ ရရှိနေပါတယ်။

အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်တို့က အဆင့် ၁၃၊ ၁၆ နှင့် ၁၉ နေရာများတွင် ရောက်ရှိနေပြီး   ဘင်္ဂလားဒေ့ရှ်က အဆင့် ၂၂ တွင် ရှိနေပါတယ်။

 အနောက်အုပ်စုနိုင်ငံများအနက် အမေရိကန် တစ်နိုင်ငံတည်းက ပဋိပက္ခမီး တောက်လောင်နေတဲ့ နိုင်ငံများစာရင်းမှာ အဆင့်(၅၀)မှာရှိနေပါတယ်။

အညွှန်းကိန်းအချက်အလက်များအရ ကမ္ဘာ့နိုင်ငံအားလုံးမှာ  ပဋိပက္ခများ ရှိနေပေမယ့်လည်း အမြင့်ဆုံးပဋိပက္ခတွေကို နိုင်ငံ ၅၀ မှာတွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

ထိပ်ဆုံး(၁၀)နိုင်ငံက အလွန့်အလွန်စိုးရိမ်စရာ(extreme) အဆင့် သတ်မှတ်ခံရပြီး (၁၁မှ ၃၀ အထိ) နိုင်ငံ ၂၀ က မြင့်မားသော( high) အဆင့်၊ နောက်ဆုံး နိုင်ငံ ၂၀ ကို မငြိမ်မသက်အဆင့်အဖြစ် ( turbulence) သတ်မှတ် ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly