နိုင်ငံပိုင်သတင်းစာများ ရုံးဆောက်ထားသည့် မူလမြေရှင်များ သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်

နိုင်ငံပိုင်သတင်းစာများ ရုံးဆောက်ထားသည့် မူလမြေရှင်များ သမ္မတ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်

နေပြည်တော်၊ ဧပြီ ၁၈ ။  ။ နေပြည်တော်၊ ဇေယျာသီရီ မြို့နယ်ရှိ အစိုးရမှထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာတိုက်၊ ကြေးမုံသတင်းစာတိုက် နှင့် ပုံနှိပ်စက်ရုံများ တည်ဆောက်ထားသည့် မူလမြေပိုင်ရှင်များဖြစ်သည့် ဝဲကြီးကျေးရွာမှ တောင်သူ ၁၆ ဦးသည် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သည်။

နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ဝဲကြီးကျေးရွာသားများပိုင်ဆိုင်သည့် လယ်ယာမြေများကို သတင်းစားတိုက် တည်ဆောက်ရန်အတွက် တောင်သူအများစုကို နစ်နာကြေးပေးလျော်ခြင်းမရှိကာ တောင်သူများပိုင်ဆိုင်သည့် လယ်ယာမြေဧက ၆၀၀ ခန့်ကို ၂၀၀၀ ခုနှစ်မှစတင်ကာ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အများစုကို နစ်နာကြေးမပေးတဲ့အပြင် ဧက ၁၀၀ လောက်ပေါ်မှာ သတင်းစာတိုက်ဆောက်ထားပြီး ကျန်တဲ့မြေဧက ၅၀၀ လောက်ကို ဒီတိုင်းထားပြီး မူလပိုင်ရှင်တွေကို နစ်နာကြေးမပေးတဲ့အပြင် မူလပိုင်ရှင်တွေကပြန်တောင်းတော့ အမှုဆင်ဖမ်းပြီး ထောင်ချတာခံခဲ့ရတာ” ဟု ပြန်လည်လွှတ်မြောက်လာသည့် ဝဲကြီးရွာသား ကိုဇော်လတ်ကပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေးဆောင်ရွက်ခဲ့သည့် ကိုဇော်လတ် အပါအဝင် ဝဲကြီးရွာသား ၆ ဦး၏ နေအိမ်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ည ၁ နာရီအချိန်ခန့်က ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးရာမှတစ်ဆင့် ဝဲကြီးရွာသူရွာသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် ဝဲကြီးရွာသား ၂၁ ဦးကို ဇေယျာသီရီမြို့နယ် ရဲစခန်း ၊ ပုဗ္ဗသီရီမြို့နယ် ကျည်တောင်ကန်ရဲစခန်း နှင့် ထုံးဘိုရဲစခန်းများက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး ဝဲကြီး ရွာသား ၂၁ ဦးကို ထောင်ဒဏ်အနည်းဆုံး ၁ နှစ် မှ ၈ နှစ်အထိ ကျခံရန် ပုဗ္ဗသီရီမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ၂၁ ဦးအနက် နှစ်ဦးမှာ လွတ်ရက်စေ့သဖြင့် ၂၀၁၅ ခုနှစ်အတွင်းက ပြန်လည်လွတ်မြောက်လာကာ ၃ ဦးမှာ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

သာယာဝတီထောင်၊ အိုးဘိုထောင်၊ ထုံးဘို ရဲဘက် ကျောက်ထုတ်လုပ်ရေးစခန်း၊ ဘဲလင်းရဲဘက်ကျောက်ထုတ်လုပ်ရေးစခန်း၊ ကင်းသာ ရဲဘက်ကျောက်ထုတ်ရေးစခန်း၊ ပုဂံညောင်ဦးထောင် နှင့် တောင်ငူထောင်တို့တွင် ကျန်ရှိနေသည့် ဝဲကြီးရွာသား ၁၆ ဦးမှာ သမ္မတ ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၄၀၁ ၊ ပုဒ်မခွဲ (၁) ဖြင့် အကျဉ်းထောင် ၂၅ ခု မှ အကျဉ်းသား စုစုပေါင်း ကျား/မ ၈၃ ဦး ဧပြီလ ၁၇ ရက်က လွတ်မြောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly