မြန်မာ့အရေး အခြေအနေပိုဆိုးလာနေကြောင်း ကုလအတွင်းရေးမှုးချုပ်ပြော

မြန်မာ့အရေး အခြေအနေပိုဆိုးလာနေကြောင်း ကုလအတွင်းရေးမှုးချုပ်ပြော

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ ပိုဆိုးလာပြီး ငတ်မွတ်ခေါင်းပါးမှုတွေလည်း ပိုတိုးလာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လတ်တလောကျင်းပနေတဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း စက်တင်ဘာ ၁၉ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောလိုက်ပါတယ်။  

“မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေရှိနေပြီး ငတ်မွတ်ခေါင်းခေါင်းပါးမှုတွေဟာလည်း ပိုပိုဆိုးလာသလို ဒီမိုကရေစီ ပြန်ရရေး မျှော်လင့်ချက်တွေဟာလည်း ရိုက်ချိုးဖျက်ဆီးခံနေရတယ်’’ လို့ အတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။ မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးပြီး ဒီလို ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါကြောင်း၊ လတ်တလောမှာတော့ အဲဒီလိုအတူတကွ ပူးပေါင်းတုံ့ပြန်တာတွေ မလုပ်နိုင်ဘူးဖြစ်နေတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့အထိ နောက်ဆုံးစာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း တွင်ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေမှာ ၁ ဒသမ ၉ သန်းကျော်အထိရှိလာပြီ ဖြစ်သည်ဟု စက်တင်ဘာ ၂၀ ရက်နေ့တွင် UNOCHA ကထုတ်ပြန်သည်။ နိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှ့တောင်ပိုင်းတို့တွင် လက်နက်ကိုင်ပဋိပက္ခများသည် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှုများလည်း ဆက်တိုက်ရှိနေကာ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးများမှာလည်း တစ်ချို့နေရာများတွင် ကန့်သတ်ခံရမှုတိုးလာသည်များရှိသည်ဟု ဖော်ပြသည်။

လက်ရှိတွင်လည်း ရှိရင်းစွဲနေရပ်စွန့်ခွာမှုဒုက္ခအပြင် ရာသီဥတုဆိုးရွားမှုတို့ကိုပါ ပူးတွဲခံစားနေရသူများ နိုင်ငံအနှံ့တွင် ရှိနေသေးကြောင်းနှင့် လူးသားချင်းစာနာမှုဆိုင်ရာ အကူညီများပေးရေးတွင် အဓိကအနေဖြင့် ကချင်ပြည်နယ်နှင့် နိုင်ငံအရှေ့တောင်ပိုင်းတို့တွင် အကူညီပေးရေးများ ကန့်သတ်ခံရမှု ပိုတိုးလာသည်ဟုလည်း ယနေ့ စက်တင်ဘာ ၂၀ ရက်ထုတ်ပြန်ချက်တွင် ရေးသားသည်။

ရခိုင်နှင့် ချင်းပြည်နယ်ပလက်ဝဒေသတို့တွင်လည်း နေရပ်စွန့်ခွာသူများကို အကူညီပေးရေးအတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက်ယူနေရဆဲဖြစ်ပြီး ထိုအခြေနေများကြားတွင် အကူညီပေးရေးများ နှောင့်နှေးမှုတို့ မကြာခဏရှိတတ်သည်ဟု NGO အသိုင်းဝန်းမှ ဝန်ထမ်းတစ်ဦးကပြောသည်။   ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုရုံး UNOCHA က ယခု ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၅ သန်းအား လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးဆောင်ရွက်ထားပြီး လက်ရှိအချိန်ထိ လူဦးရေ ၁ ဒသမ ၈ သန်း‌ကျော်ကို အကူညီများပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly