ပင်လယ်ရေကြောင်း ပူးတွဲကင်းလှည့်မှုများတွင် ပါဝင်ရန် ဂျပန်နှင့် ဩစတြေးလျက စိတ်ဝင်စားနေဟု ဖိလစ်ပိုင် ပြော

ပင်လယ်ရေကြောင်း ပူးတွဲကင်းလှည့်မှုများတွင် ပါဝင်ရန် ဂျပန်နှင့် ဩစတြေးလျက စိတ်ဝင်စားနေဟု ဖိလစ်ပိုင် ပြော

အငြင်းပွား ရေပြင်တွင် ဖိလစ်ပိုင်၊ အမေရိကန်နှင့်အတူ ပူးတွဲ ပင်လယ်ရေကြောင်း ကင်းလှည့်မှုများ၌ ပါဝင်ရန် ဆန္ဒရှိသည်ဟု ဂျပန်နှင့် ဩစတြေးလျတို့က ထုတ်ဖော်ထားကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောသည်။

“ထိုစိတ်ကူးအတွက် လမ်းဖွင့်ထားသည့် အခြားနိုင်ငံများကိုလည်း နောက်ပိုင်းတွင် ထုတ်ဖော်သွားမည်” ဟု ဖိလစ်ပိုင် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မက်ဒဲလ် အဂွီလာက သတင်းထောက်များကို ပြောသည်။

အနောက်ဖိလစ်ပိုင်ပင်လယ် အနီးဝန်းကျင်တွင် တရုတ်သင်္ဘောများ ပြန်ပေါ်လာသည်ကို တွေ့ရှိပြီးနောက် ပင်လယ်ရေကြောင်း စောင့်ကြည့်ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု ဖိလစ်ပိုင်စစ်တပ်က စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။ ထိုအနောက်ဖိလစ်ပိုင်ပင်လယ်၏ အစိတ်အပိုင်းများကို ဖိလစ်ပိုင်၊ တရုတ်နှင့် အခြားသော အရှေ့တောင်အာရှ နိုင်ငံတချို့က ပိုင်ဆိုင်ကြောင်း ထုတ်ဖော်လျက် ရှိသည်။

ရင်းမြစ် ကြွယ်ဝသည့် အနောက် ဖိလစ်ပိုင် ပင်လယ်ပြင်တွင် တရုတ်နှင့် တင်းမာမှုများ မြင့်တက်နေစဉ် ဖိလစ်ပိုင်သည် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် ပူးတွဲ စစ်ရေး၊ ရေတပ် လေ့ကျင့်မှုများကို လုပ်ဆောင်ထားသည်။

ဖိလစ်ပိုင်-အမေရိကန် နှစ်နိုင်ငံအကြား ကာကွယ်ရေး မဟာမိတ်ပြုမှုကို ခိုင်မာစေရန် နောက်ထပ် ဖိလစ်ပိုင် စခန်းနေရာများကို ဝင်ခွင့် ရလိုသည်ဟု အမေရိကန်စစ်တပ်က စက်တင်ဘာ ၁၄ ရက်တွင် ပြောသည်။ ကနဦးတွင် ဖိလစ်ပိုင် စစ်အခြေစိုက်စခန်း ငါးခု လွှမ်းခြုံပါဝင်သည့် ၂၀၁၄ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တခုအောက်တွင် အမေရိကန်သည် ယခုနှစ်အစောပိုင်းက နောက်ထပ် စခန်းနေရာ လေးခုကို အသုံးပြုခွင့် ရခဲ့သည်။ စခန်းနေရာသစ်များသည် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အနီးတွင် တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly