ရွေးကောက်ပွဲမှာကူညီပေးဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူညီခဲ့ကြ

ရွေးကောက်ပွဲမှာကူညီပေးဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူညီခဲ့ကြ

 

မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်နဲ့ ရုရှား ရွေးကောက်ပွဲ ကော်မရှင်တို့ကြား လက်မှတ်ရေးထိုးလိုက်ပါတယ်။

စက်တင်ဘာလ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ ရုရှားကိုသွားရောက်ခဲ့တဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ရဲ့ခရီးစဉ်အတွင်းလက်မှတ်ထိုးလိုက်ကြတာလို့စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

မြန်မာစစ်ကောင်စီအပေါ် လက်နက်နဲ့ သံတမန်ရေးအရ ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပံ့ပိုးလာနိုင်ခြေ နောက်ထပ် ခြေလှမ်းတခု ပြင်ဆင်လာတာဆိုပြီး ဒေသတွင်း အကဲခတ်တွေ ရှုမြင်ထားကြပါတယ်။

မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ နဲ့ ရွေးကောက်ပွဲမှာ နည်းပညာအကူအညီ ရဖို့ ရုရှားနဲ့ လက်မှတ်ထိုးတာလို့ စစ်ကောင်စီရဲ့သတင်းမှာဆိုထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီးရင် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စက်တင်ဘာလ ၉ ရက်က ပြောကြားလာပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ ပြည်တွင်းနိုင်ငံရေး ပါတီတွေက ခန့်မှန်း ပြောဆိုနေပါတယ်။

မဲပေးရာမှာလည်း မဲပြားပေါ်မှာ အမှန်ခြစ်ပြီး ဆန္ဒမဲ ပေးရတဲ့ ရိုးရှင်းတဲ့ စနစ်မသုံးဘဲ အီလက်ထရောနစ် စနစ်ပြောင်းသုံးဖို့စစ်ကောင်စီက စီစဉ်ထားပါတယ်။

ရုရှားနိုင်ငံမှာ ၂၀၂၄ ခုနှစ် မတ်လ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်တဲ့ အဖွဲ့ကို လာရောက် လေ့လာဖို့ ဖိတ်ကြားခဲ့တယ်လို့လည်းသိရပါတယ်။

ရုရှားနိုင်ငံမှာ အတိုက်ခံတွေ ပြည်ပမှာရောက်နေသလို ထောင်ချခံထားနေရတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး ရွေးကောက်ပွဲဟာ လက်ရှိ သမ္မတ ပူတင်ကိုပဲ အနည်းဆုံး ၂၀၃၀ ခုနှစ်အထိ အာဏာအပ်နှင်းမယ့် ရွေးကောက်ပွဲအဖြစ် လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုထားကြပါတယ်။

မြန်မာနိုင်ငံမှာလည်းစစ်ကောင်စီ ရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်ကို NUG နဲ့ တော်လှန်ရေးအင်အားစု တွေအပြင် လက်ရှိမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လက်မခံဘဲ ဆန့်ကျင်ကြဖို့ တရားဝင်ပြောဆိုထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly