နာမကျန်းသည့် စီးပွားရေး’ ကို အားချင်းကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု 

By Al Jazeera
12 September 2023
နာမကျန်းသည့် စီးပွားရေး’ ကို အားချင်းကိုင်တွယ်မည်ဟု ထိုင်းဝန်ကြီးချုပ် ကတိပြု 

ထိုင်းနိုင်ငံ၏ ကပ်ဘေးနှောင်းပိုင်း စီးပွားရေးပြဿနာများ သက်သာလျော့ပါးရေးအတွက် အသုံးစရိတ် စေ့ဆော်ရန် ငွေကြေးစီးဆင်းစေခြင်းနှင့် မြင့်တက်နေသော စွမ်းအင်ကုန်ကျစရိတ်များကို ကိုင်တွယ်ဖြေရှင်းရေးတို့ အပါအဝင် အလျင်အမြန် အရေးယူဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်သစ် ဆရတ်သာ သာဗီဆင်းက ကတိပြုသည်။ 

အစိုးရဖွဲ့ရေးအတွက် လွှတ်တော်အမတ်များ သဘောတူညီမှု မရ၍ လေးလကြာ နိုင်ငံရေး မရေမရာ ဖြစ်ခဲ့သည့်နောက် တနင်္လာနေ့က လွှတ်တော်တွင် အဖွင့်မိန့်ခွန်း ပြောရာ၌ ဆရတ်သာက ကတိပြုခြင်း ဖြစ်သည်။ 

လူထုအကျိုးမျှော် ဖျူထိုင်းပါတီ အဖွဲ့ဝင် ဆရတ်သာသည် အိမ်ခြံမြေလုပ်ငန်းရှင်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် နိုင်ငံရေးထဲ ဝင်ရောက်လာခဲ့သူ ဖြစ်သည်။ သူ့ အစိုးရအနေဖြင့် လေးနှစ်တာ သက်တမ်းအတွင်း စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် မျှော်လင့်ချက် မြင့်မြင့် အထားခံရပြီး ဖိအားပေး တောင်းဆိုမှုများ ရင်ဆိုင်နေရသည်။ 

COVID-19 ကပ်ဘေးနောက်ပိုင်း အကျိုးအမြတ် များသော ခရီးသွားလုပ်ငန်း အားနည်းနေခြင်းနှင့်အတူ ကျဆင်းလျက် ရှိသော ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ “နေထိုင်မကောင်းသောသူ” လိုပင် ဖြစ်နေကြောင်း ဝန်ကြီးချုပ် ရည်ညွှန်းပြောဆိုသည်။ 

“ခရီးသွားလုပ်ငန်းနဲ့ အသုံးစရိတ်တွေဟာ တော်တော်လေး နှေးနှေးကွေးကွေးနဲ့ နလန်ထူနေတယ်၊ ဒါကြောင့် စီးပွားရေးဟာ ဆုတ်ကပ် အန္တရာယ်မှာ ရှိနေတယ်၊ စီးပွားရေးနဲ့ အသုံးစရိတ်ကို စေ့ဆော်ဖို့ လိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။ 

ထိုသို့ စေ့ဆော်ရေးလုပ်ငန်းများတွင် အသက် ၁၆ နှင့် အထက် ထိုင်းပြည်သူအားလုံးကို ဘတ်ငွေ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၈၀ ) ပေးမည်ဆိုသော မဲဆွယ် ကတိကဝတ်အား အကောင်အထည် ဖော်ရေးလည်း ပါဝင်သည်။ “ဒီ ငွေကို ဧရိယာအားလုံးဆီ ပေးဝေသွားမှာ ဖြစ်ပြီး အလုပ်အကိုင်နဲ့ စီးပွားရေး လှုပ်ရှားဆောင်ရွက်မှုတွေကို ဖန်တီးသွားမယ်၊ အစိုးရအနေနဲ့လည်း ဝင်ငွေရှာဖွေသွားမယ်”ဟု ၎င်းက ပြောသည်။ 

ရေရှည်ခံသော သက်ရောက်မှု ဖြစ်လိမ့်မည် မဟုတ်ဟု ဝေဖန်သူများက ဆိုထားသော ထိုသို့ ငွေပေးဝေမှုအား လာမည့်နှစ် ပထမသုံးလပတ် မကျော်လွန်ခင် ဖြန့်ဝေသွားရန် အသင့်ရှိလိမ့်မည်ဖြစ်ပြီး ယင်းအတွက် ဘတ်ငွေ ၅၆၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံ) ကုန်ကျလိမ့်မည်ဟု ဆရတ်သာက ယခင်က  ပြောထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly