၇ လအကြာ တောင်ကိုရီးယားအသင်းနဲ့အတူ နိုင်ပွဲမရှိတဲ့ ပြဿနာတွေနဲ့ ကလင်းစမန်း

၇ လအကြာ တောင်ကိုရီးယားအသင်းနဲ့အတူ နိုင်ပွဲမရှိတဲ့ ပြဿနာတွေနဲ့ ကလင်းစမန်း
Photo - AFP

တောင်ကိုရီးယားအသင်းဟာ ဂျာဂန် ကလင်စမန်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တဲ့နောက်ပိုင်း ဆိုးရွားတဲ့ ဖိအားအောက် အင်္ဂါနေ့မှာ နယူးကာဆယ်ယူနိုက်တက်ရဲ့ စိန့်ဂျိမ်းပါ့ခ်မှာ ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ဆော်ဒီအာရေးဗီးယားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဂျာမန်ဂန္တဝင်ကစားသမားကို ဖေဖော်ဝါရီလအတွင်းကသာ ခန့်အပ်ခဲ့ပေမယ့်လည်း သူ့ရဲ့တောင်ကိုရီးယားအသင်းဟာ အခုအချိန်အထိ ၅ ပွဲကစားခဲ့ရာမှာ နိုင်ပွဲမရှိခဲ့ဘဲ ၂ ပွဲရှုံးနိမ့်ကာ ၃ ပွဲ သရေကျထားပါတယ်။

အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အသက် ၅၉ နှစ်ရှိ ကလင်စမန်းကို အကာအကွယ်ပေးဖို့ ရောက်လာခဲ့တယ်ဆိုပေမယ့် နောက်ဆုံး စိတ်ပျက်စရာက ပြီးခဲ့တဲ့ အပတ်က ဝေးလ်စ်အသင်းနဲ့ အဝေးကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာပါ။

"နိုင်ငံအသင်းမှာ ကာလကြာရှည်နေခဲ့တဲ့ သူတစ်ယောက်အနေနဲ့ ပရိသတ်တွေ ဘယ်နေရာက လာတယ်ဆိုတာ ကျနော်နားလည်ပါတယ်"လို့ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူးက ကာဒစ်ဖ်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

"နည်းပြက အမြဲတမ်းမှန်တယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ပရိသတ်တွေဘက်ကလည်း အမြဲတမ်းမှန်တယ်လို့လည်း ကျနော် မထင်ပါဘူး။"

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံး (၁၆)သင်းအဆင့်ကို ရောက်ရှိခဲ့ပြီး ဘရာဇီးလ်ကို (၄-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ နည်းပြ ပေါ်လိုဘင်တိုက သူ့အနေနဲ့ တာဝန် ဆက်လက် ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ကစားသမားတစ်ဦးအနေနဲ့ ကမ္ဘာ့ဖလားဆုရှင်ဖြစ်ပေမယ့် နည်းပြဘဝမှာ ထိပ်တန်းအဆင့်ကို မရောက်လာသေးတဲ့ ကလင်စမန်းကို မခန့်အပ်ခင် ကိုရီးယားဘောလုံးအဖွဲ့ချုပ်ဟာ ဘင်တိုရဲ့ နေရာ ဆက်ခံမယ့်သူကို ကာလရှည်ကြာ ရှာဖွေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဟာသာဘာလင်နဲ့ ကာလာတိုတာသာ နည်းပြခဲ့တဲ့ ကလင်စမန်းဟာ ဥရုဂွေးနဲ့ ပီရူးတို့ကို အိမ်ကွင်းမှာ မရှုံးခင် ကိုလံဘီယာအသင်းကို ၂-၂ အိမ်ကွင်း သရေနဲ့ စတင်ခဲ့ပါတယ်။

အဲဒီနောက် အိမ်ကွင်းမှာပဲ အယ်လ် ဆာဗေဒိုကို ၁-၁ နဲ့ သရေကျပြီး ဝေးလ်အသင်းနဲ့ ဂိုးမရှိ သရေရလဒ်ကြောင့် အမေရိကန် နည်းပြဟောင်းအပေါ် ဖိအားတွေ တိုးလာတော့တာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly