တောင်တရုတ်ပင်လယ်၌ အင်အားသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ မပြုလုပ်ရန် အမေရိကန်နှင့် ဗီယက်နမ် သတိပေး

တောင်တရုတ်ပင်လယ်၌ အင်အားသုံးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ မပြုလုပ်ရန် အမေရိကန်နှင့် ဗီယက်နမ် သတိပေး
Photo - AFP

အငြင်းပွား တောင်တရုတ်ပင်လယ်၌ “အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” တို့ မပြုလုပ်ရန် အမေရိကန်နှင့် ဗီယက်နမ်က စက်တင်ဘာ ၁၁ ရက်တွင် သတိပေးပြောဆိုသည်။ ထို အငြင်းပွားပင်လယ်၌ မကြာသေးခင်က တရုတ်သင်္ဘောများ ပါဝင်ပတ်သက်သည့် ပဋိပက္ခဖြစ်စဉ် ဖြစ်ထားပြီးနောက် ရက်များအကြာတွင် ယခုကဲ့သို့ သတိပေးပြောဆိုခြင်းလည်း ဖြစ်သည်။

မဟာဗျူဟာကျ ရေလမ်းကြောင်းနှင့်ပတ်သက်ပြီး အပြိုင်အဆိုင် တောင်းဆိုနေမှုများကို နိုင်ငံတကာ စံသတ်မှတ်ချက်များအောက်တွင် ဖြေရှင်းရလိမ့်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ ငုရင် ဖူထရောင်တို့က ပြောသည်။

နှစ်စဉ် ဒေါ်လာ ထရီလီယံနှင့်ချီသည့် ကုန်သွယ်မှုများ ဖြတ်သန်းနေသည့် တောင်တရုတ်ပင်လယ် နယ်မြေတခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က ပြောဆိုထားပြီး ၎င်းတို့၏ ထို ပြောဆိုချက်က ဥပဒေ အခြေခံ မရှိဟု ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာ တရားရုံး ဆုံးဖြတ်ချက်တရပ်ကိုလည်း တရုတ်က လျစ်လျူရှုထားသည်။

“ခြိမ်းခြောက်တာ၊ အင်အားသုံးတာမျိုး မရှိဘဲ အငြင်းပွားမှုတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ကို မမှိတ်မသုန် ထောက်ခံကြောင်း ခေါင်းဆောင်တွေဘက်က အလေးပေး ပြောဆိုတယ်” ဟု ဘိုင်ဒင်နှင့် ထရောင်တို့က ပူးတွဲကြေညာချက်တရပ်တွင် ပြောသည်။

တောင်တရုတ်ပင်လယ်တွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု၊ လေယာဉ်ပျံသန်းမှု အပြင် ဥပဒေနှင့်ညီသည့် ကုန်သွယ်မှုတို့ကို တားဆီးပိတ်ဆို့ခြင်း မရှိစေရေးအတွက် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် သဘောတူညီချက်တရပ်ကို ဘိုင်ဒင်နှင့် ထရောင်တို့ လက်မှတ်ထိုးပြီးနောက် တရက်အကြာတွင် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန် နှင့် ဗီယက်နမ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းက ဒေသတွင် တရုတ်၏ ကိုယ့်ကိုယ်ကို ယုံကြည်လွန်းကြောင်း ပြသမှုကို တန်ပြန်မည့် နည်းလမ်းတခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသည်။

အမေရိကန်သည် ကုန်သွယ်မှု၊ လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ရာသီဥတု ပြောင်းလဲမှု အပါအဝင် အရေးကိစ္စ အမျိုးမျိုးနှင့် ပတ်သက်ပြီး တရုတ်နှင့်အကြား ရှားစောင်းစေးနှင့် မျက်ချေးသဖွယ် ဖြစ်နေသည်။ အမေရိကန်သည် တရုတ်ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ယင်း၏ မဟာမိတ်များ ကွန်ရက်ကို မြှင့်တင်ရန် လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly