မော်ရိုကို ငလျင်ကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်အထိ မြင့်တက်

မော်ရိုကို ငလျင်ကြောင့် သေဆုံးသူ ၂,၀၀၀ ကျော်အထိ မြင့်တက်
Photo - AFP

မော်ရိုကိုနိုင်ငံတွင် လှုပ်သွားသည့် အင်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးရသူဦးရေသည် ၂,၀၀၀ ကျော်အထိ ရှိလာပြီး အခြား လူပေါင်း ၂,၀၀၀ ထက်မနည်းလည်း ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်းနှင့် ဒဏ်ရာရသူများအနက် အများအပြားသည် အခြေအနေ စိုးရိမ်ရကြောင်း ယင်းနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။

ငလျင်လှုပ်မှုကြောင့် လူ ၂,၀၁၂ ဦးထက်မနည်း သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီ ဖြစ်ကာ အခြေအနေစိုးရိမ်ရသူ ၁,၄၀၄ ဦး အပါအဝင် အခြားလူပေါင်း ၂,၀၅၉ ဦးအထိ ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တရပ်အရ သိရသည်။

သေဆုံးသူများအနက် ၁,၂၉၃ ဦးသည် ငလျင် ဗဟိုချက် ဖြစ်သည့် အယ်လ်-ဟောင့်ဇ် ပြည်နယ်တွင် သေဆုံးခြင်း ဖြစ်ပြီး တာရော့ဒန့် ပြည်နယ်တွင် လူ ၄၅၂ ဦး သေဆုံးပြီး ယင်းတို့သည် ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံရသည့် ဧရိယာများဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန်နှင့် ဒဏ်ရာရသူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် အာဏာပိုင်များက ဆော်ဩလုပ်ဆောင်နေရဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံ၏ ခရီးသွားမြို့ မားရာကက်ရှ်၏ အနောက်တောင်ဘက် ၇၂ ကီလိုမီတာ (၄၅ မိုင်) ခန့်အကွာ တောင်ကုန်းထူထပ်သော ဧရိယာတခုတွင် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်က ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ အားပြင်းငလျင်တခု လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာမှုဌာနအရ သိရသည်။

ယင်းငလျင်သည် မော်ရိုကိုတွင် ဆယ်စုနှစ်များစွာအတွင်း လူအသေအပျောက်အများဆုံး ငလျင်ဖြစ်ပြီး အာဏာပိုင်များက ပူဆွေးဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက် သတ်မှတ်ကြောင်း ကြေညာထားကာ အသက်ရှင်ကျန်ရစ်သူများကို  ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက် ရှာဖွေလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly