အီးယူ ၊ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယကို ချိတ်ဆက်မည့် သမိုင်းဝင် ကုန်သွယ်ရေး အစီအစဉ်ကို ထုတ်ဖော်

အီးယူ ၊ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယကို ချိတ်ဆက်မည့် သမိုင်းဝင် ကုန်သွယ်ရေး အစီအစဉ်ကို ထုတ်ဖော်
Photo - AFP

ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယကို ချိတ်ဆက်မည့် ခေတ်သစ် ကုန်သွယ်မှု လမ်းကြောင်းတခု ဖန်တီးမည့် ရည်မှန်းချက်ကြီးမားသော အစီအစဉ်များကို မဟာမိတ် နိုင်ငံများ အစုအဖွဲ့တစုက စက်တင်ဘာ ၉ ရက်တွင် ထုတ်ဖော်လိုက်သည်။ ထို အစီအစဉ်က ဖြစ်နိုင်ခြေရှိ ကျယ်ပြန့်သည့် ပထဝီနိုင်ငံရေး ဂယက်ရိုက်ခတ်မှုများနှင့်အတူ ကုန်သွယ်ရေး ဆက်ဆံမှုများကို မြှင့်တင်လိမ့်မည် ဖြစ်သည်။

အမေရိကန်၊ ဆော်ဒီ အာရေးဗျ၊ ဥရောပသမဂ္ဂ၊ ယူအေအီးနှင့် အခြားနိုင်ငံများသည် ရထားလမ်းများ၊ ဆိပ်ကမ်းများ၊ လျှပ်စစ်နှင့် ဒေတာ ကွန်ရက်များနှင့် ဟိုက်ဒရိုဂျင်ပိုက်လိုင်းများကို ဆက်သွယ် ချိတ်ဆက်မည့် အစီအစဉ်ကို နယူးဒေလီတွင် ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ဘေးပန်းပြင်ပတွင် စတင်ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ကုန်သွယ်ရေးအပေါ် အကြီးအကျယ် အာရုံစိုက်သည်ဆိုသော်လည်း ထိုအစီအစဉ်သည် ကာလကြာ ရန်သူတော်များဖြစ်သည့် အစ္စရေးနှင့် ဆော်ဒီ အာရေးဗျအကြား အဆက်အသွယ်များ ဖော်ဆောင်မှု အပါအဝင် ကျယ်ပြန့်သည့် ပါဝင်ပတ်သက်မှုများ ရှိနိုင်သည်။

ထို အစီအစဉ်က လူဦးရေ ၁ ဒသမ ၄ ဘီလီယံရှိ အိန္ဒိယ၏ ကျယ်ပြောသည့် ဈေးကွက်ကို အနောက်အုပ်စုရှိ နိုင်ငံများနှင့် ပေါင်းစည်းရာတွင် ကူညီပေးနိုင်မည် ဖြစ်ပြီး တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ ဖောဖောသီသီ ငွေသုံးစွဲမှုများအပေါ် တန်ပြန်ဟန်ချက်ထိန်းနိုင်မည် ဖြစ်ကာ အရှေ့အလယ်ပိုင်း စီးပွားရေးများကို မြှင့်တင်ပေးပြီး အစ္စရေးနှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ကူညီပေးနိုင်လိမ့်မည်ဟု ယခု အစီအစဉ် သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးသူများက မျှော်လင့်ထားကြသည်။

“ဒါက တကယ့်ကို ကြီးမားတဲ့ သဘောတူညီချက်တခုပါ” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစီအစဉ် ထုတ်ဖော်သည့် အခမ်းအနားတွင် ပြောပြီး ယင်းကို “သမိုင်းဝင်” အစီအစဉ်ဟု သုံးနှုန်းသည်။

အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံ ဟု ဆိုသည့် ယခုအစီအစဉ်သည် ရထားလမ်းတခု သို့မဟုတ် ကေဘယ်လ်လမ်းကြောင်းတခု ဆိုသည်ထက် များစွာ ပိုမိုကြီးကျယ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လေယန်က ပြောသည်။

“ဒါက ကမ္ဘာ့တိုက်ကြီးတွေနဲ့ လူ့အဖွဲ့အစည်းတွေအကြား ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို ဦးတည်တဲ့ ဒစ်ဂျစ်တယ် ပေါင်းကူးတံတားတစင်းပါ” ဟု သူမက ပြောသည်။

အဆိုပြုထားသည့် ပရောဂျက်တခုတွင် ယူအေအီး၊ ဆော်ဒီ အာရေးဗျ၊ ဂျော်ဒန်နှင့် အစ္စရေး အပါအဝင် အရှေ့အလယ်ပိုင်းတခွင်တွင် ရထားလမ်းနှင့် ဆိပ်ကမ်း အင်္ဂါရပ်များကို ချိတ်ဆက်လိမ့်မည် ဖြစ်ပြီး ဖြစ်နိုင်ဖွယ်ရာ အားဖြင့် အိန္ဒိယနှင့် ဥရောပအကြား ကုန်သွယ်မှုကို ၄၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်သွားစေနိုင်သည်။

လက်ရှိတွင် စူးအက်တူးမြောင်းကို ဖြတ်၍ မွမ်ဘိုင်းမှ ဥရောပသို့ သွားလာသည့် သင်္ဘောကုန်သေတ္တာတခုသည် ရှေ့ကာလတွင် ဒူဘိုင်းမှ အစ္စရေးရှိ ဟိုင်ဖာသို့ ရထားလမ်းကြောင်း ဖြင့် သွားလာနိုင်ပြီး ဥရောပသို့ ဆက်လက်ရောက်ရှိနိုင်မည် ဖြစ်ပြီး အချိန်နှင့်ငွေကုန် သက်သာစေလိမ့်မည် ဖြစ်ကြောင်း Eurasia Group မှ တောင်အာရှလုပ်ငန်းဆိုင်ရာ အကြီးအကဲ ပရာမစ် ပယ် ချောက်ဒ်ဟရီက ပြောသည်။

လက်ရှိတွင် စူးအက်တူးမြောင်းသည် ကမ္ဘာ့ကုန်သွယ်မှုအတွက် အဓိက အသွားအလာတစ်ဆို့သည့် လမ်းကျဉ်းတခု ဖြစ်နေပြီး ယင်းက ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ပေးလျက်ရှိသော်လည်း မကြာခဏဆိုသလို အလျဉ်ပြတ်ပြားမှုများဒဏ်ခံထားရသည်။

၂၀၂၁ မတ်လက ကြီးမားသည့် ကုန်သေတ္တာတင် သင်္ဘောကြီး Ever Given သည် ထိုရေလမ်းကြောင်းတွင် ကန့်လန့်ပိတ်မိသွားပြီးတော့ တူးမြောင်းရှိ အသွားအလာများကို သီတင်းပတ်နီးပါးကြာ ပိတ်ဆို့မှုကို ဖြစ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly